Sunday, July 29, 2012

အသင်းအဖွဲ့များပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဟောပြောဆွေးနွေးပွဲကို ဇူလိုင်လ ၂၈ရက်နေ့ကဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပပြုလုပ်




အသင်းအဖွဲ့များပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆွေးနွေးစကားဝိုင်းများ အစီအစဉ် အမှတ် ၃ကို
ယနေ့ ဇူလိုင်လ ၂၈ရက် စနေနေ့ နေ့လည် ၂နာရီမှ ၄နာရီထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ်
တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပရဟိတလုပ်ငန်းများတွင် ဦးဆောင်လှုပ်ရှားနေသည့် စာရေးဆရာမ သန်းမြင့်အောင်က
"ပရဟိတနှင့် ငြိမ်းချမ်းရေး" ဟူသည့်ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပါသည်။ ဆရာမက ပရဟိတလုပ်ငန်းများ
လုပ်ကိုင်နေသူတွေဟာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေအနေဆိုးများကြောင့် မိမိတို့၏ နေ့စဉ်ဘ၀နှင့်
စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေးတို့တွင် နိမ့်ကျဆင်းရဲပြီး မငြိမ်းချမ်းနိုင်သောသူများကို ကူညီနေခြင်းဖြစ်၍
ငြိမ်းချမ်းရေးကို တထောင့်တနေရာက ဖော်ဆောင်နေခြင်းဖြစ်သည်ဟုဆိုခဲ့သည်။ စစ်ဖြစ်မှမငြိမ်းချမ်းတာမဟုတ်
စီးပွားရေး၊နိုင်ငံရေး၊လူမှုရေးဖိနှိပ်မှုများကြောင့် ပြည်သူတွေ ဒုက္ခရောက် ငိုကြွေးနေကြရတာလည်း မငြိမ်းချမ်းတာပါပဲ
ဟုလည်းဆွေးနွေးဟောပြောခဲ့သည်။ ဒါ့အပြင် နိုင်ငံရေးနှင့် ပရဟိတ ဆက်စပ်မှုရှိပါသလားဆိုသည့် ပရိတ်သတ်တဦး၏
မေးခွန်းကိုလည်း "ပရဟိတဆိုတာ အများကောင်းကျိုးလုပ်နေတာပါ၊ နိုင်ငံသားတွေလိုအပ်နေတာကိုလုပ်ပေးနေတာ၊
နိုင်ငံသားတွေရဲ့အကျိုးကိုလုပ်ပေးနေတာ မို့ နိုင်ငံရေးပါပဲဟု" ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ဆွေးနွေးပွဲသို့
တက်ရောက်လာကြသော ပရိသတ်များထဲမှလည်း အပြန်အလှန်မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ပါသည်။

ယနေ့ဆွေးနွေးပွဲတွင် အထူးအစီအစဉ်အဖြစ် ကိုမြင့်မိုးအောင်ရေးသားသော ငြိမ်းချမ်းရေးတေးသံ သီချင်းကိုဖွင့်ခဲ့ပြီး
တက်ရောက်လာသူအားလုံးက ငြိမ်းချမ်းရေးအတွက် ငြိမ်သက်စွာအာရုံပြုဆုတောင်းခဲ့ကြသည်။
ထို့နောက် အဖွဲ့အစည်းမိတ်ဆက်အစီအစဉ်အဖြစ် Generation Wave (မျိုးဆက်သစ် လူငယ်များ) အဖွဲ့၏
ပူးတွဲတည်ထောင်သူတဦးဖြစ်သည့်ကိုမိုဃ်းသွေးက ၂၀၀၇ သံဃာ့လှုပ်ရှားမှု အပြီးအောက်တိုဘာလကတည်းက
မြေအောက်ပုံစံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးစစ်အစိုးရ၏ဖိနှိပ်မှုများအောက်တွင် လှုပ်ရှားမှုများဆက်တိုက်လုပ်ဆောင်ခဲ့ပြီး
ယနေ့အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အစုအဖွဲ့အဖြစ်ဆက်လက်လှုပ်ရှားနေသောGeneration Wave
(မျိုးဆက်သစ် လူငယ်များ)အဖွဲ့၏အကြောင်းကို အကျဉ်းချုံးမိတ်ဆက်ရှင်းလင်းခဲ့ပါသည်။

ပေးပို့သူ..ကိုမိုဃ်းသွေး
ဒေါင်းမာန်ဟုန်မှနှင့်ဟံသာဝတီ မှအထူး ကျေးဇူးတင်ရှိပါသည်...

No comments:

Post a Comment