Thursday, July 5, 2012
ယုံကြည်ချက် အကျဉ်းသား ၃၃၀ ကျန်ရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဇော်ဝင်းသန်းနှင့် ကျော်ဆုမွန်
အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)
သတင်းစာရှင်းလင်းပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ပြောကြား
နေစဉ်။
ဓာတ်ပုံ-ရတနာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုစုထားသည့် စာရင်းအရ ယုံကြည်ချက်အကျဉ်းသား ၃၃၀ ခန့် အကျဉ်းထောင်များထဲတွင် ကျန်ရှိနေသေးကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဇူလိုင်လ ၃ ရက်နေ့က အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
"ကျွန်မတို့ အမြဲပြောနေတာက အားလုံးကို ပြန်လွှတ်ပေးဖို့ ပြောထား ပါတယ်။ ကျွန်မတို့ ပါတီမှာ ရှိတဲ့စာရင်း အရအယောက် ၃၃၀ ကျန်ပါ သေးတယ်။ ကျွန်မတို့အနေနဲ့ အဲဒီအယောက် ၃၃၀ လွှတ်ဖို့အတွက်ပဲ တောင်းဆိုပေးမှာဖြစ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြား အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၈၀ ဦးအား ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး ပြည်ထောင်စုသမ္မတ ဦးသိန်းစိန်က ပြစ် ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ပြီး နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးခဲ့သည်။
စာရင်းအရ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားအကျဉ်းသား ၃၇ ဦး၊ နိုင်ငံသားအကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး နှင့် လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစု ပေါင်း ၈၀ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁)အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ် အသီးသီး ပေးခဲ့သည်။
ယခုလွှတ်ပေးခဲ့သူများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ ၂၂ ဦးခန့် ပါဝင်သည်ဟု သိရသည်။
အင်းစိန်ထောင်မှ လွတ်မြောက် လာသည့် အကျဉ်းသား ၁၁ ဦးအနက် အမျိုးသားကိုးဦးနှင့် အမျိုးသမီးနှစ်ဦး တို့ဖြစ်သည်။
ထိုသူတို့မှာ အောင်မိုးဇော် (ခ) မိုးသီး၊ စောဖရန်စစ် (ခ)ကျော်ကျော်၊ အန်ထော်နီ(ခ) ထွန်းမြတ်၊ မြင့်ကြိုင်၊ စောနိုင်ဝင်း၊ ရန်နိုင်(ခ)အေးသိန်း၊ ထွန်းမြတ်သူ၊ ဇော်မင်းအောင်၊ စောဝီလျံနှင့် ဇာဏီဦး (ခ)ဇာဇာ၊ အေးအေးနွယ်တို့ ဖြစ်ကြသည်။
အင်းစိန်ထောင်အပြင် ကသာ၊ မြင်းခြံ၊ ကော့သောင်း၊ ပြည်၊ သရက်၊ ဖားအံနှင့် မန္တလေးထောင်များမှလည်း ပါဝင်ရာ ထောင်ဒဏ် အများဆုံး ၅၉ နှစ် ချမှတ်ခံခဲ့ရသော ဗကသမှ ကိုအေးအောင်သည် ဇူလိုင် ၄ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ကသာမှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသည်။
မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ ၂၀၀ ခန့် ကို ပြန်လွှတ်ပေးခဲ့ပြီး ယခုနှစ် ဇန်န၀ါရီ လက ၃၀၀ ခန့် လွှတ်ပေးခဲ့သည်။
"ဒီမိုကရေစီနိုင်ငံကို ထူထောင်နေတဲ့ အချိန်မှာ ယုံကြည်ချက်အကျဉ်းသားဆိုတာ မရှိသင့်တော့ပါဘူး။ ကျန်သေးတဲ့သူတွေကိုလည်း မကြာသေးမီလွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက အေအက်ဖ်ပီကိုပြောသည်။
http://www.myanmar.mmtimes.com/2012/news/576/news10.html
7 July နှစ်(၅၀)ပြည့် အခမ်းအနားအား ပြောင်းရွှေ့ ကျင်းပမည်ကို ကြေညာ ၂၀၁၂-၇-၅
7 July နှစ်(၅၀)ပြည့် အခမ်းအနားအား ပြောင်းရွှေ့ ကျင်းပမည်ကို ကြေညာ
၂၀၁၂-၇-၅
ဗကသများအဖွဲ့ ချုပ်မှ ပြုလုပ်မည့် 7 July နှစ်(၅၀)ပြည့် အခမ်းအနားအား ယခင် တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်ပြုလုပ်ခွင့်မရပါသဖြင့်  ၈၈
ပါသည်။
ရက်စွဲ။ ။၇-၇-၂၀၁၂ အချိန်။ ။၉း၀၀-မှ-၁၂း၀၀ နေရာ။ ။
၂၈၄/က ၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း ၊ သင်္ဃန်းကျွန်းမြို့ နယ်။ရန်ကုန်တိုင်းဒေသကြီး။
http://luthuorthan.blogspot.jp/2012/07/7-july.html
သာသနာကို ကြည်ညိုလွန်းလို့ မြန်မာဦးဇင်း ဖြစ်လိုသူ
အရှင် သရဏ၊ ဓာတ်ပုံ- Reiko's facebook
“မြန်မာကို ကမ္ဘာက လေးစားတာ သာသနာကြောင့်၊ ဒီသာသနာကို ကြည်ညိုလွန်းလို့ မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏ ကို သူပျော်သလောက်နေပါစေ” တဲ့၊ တိပဋိက ယောဆရာတော်က ပြောလိုက်တဲ့ စကားပါ။
ဒါဆို မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏဆိုတာ ဘယ်သူလဲ။
တိပိဋိက ယောဆရာတော်နှင့် အတူ
သူကတော့ ဟိုး အရှေ့ဥရောပက ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေးခေါင်းဆောင်ကြီး မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံဖြစ်တဲ့ ချက်ရီပတ်ဗလစ် (Czech Republic) နိုင်ငံက ချက်လူမျိုး တဦးပါ။ ဗုဒ္ဓ ဘာသာကို ကြည်ညိုလွန်း လို့ ရှင် သာမဏေ အဖြစ်ခံယူခဲ့တယ်။ မြန်မာစာ မြန်မာယဉ်ကျေးမှုကိုလည်း အလွန် ချစ်မြတ်နိုး လို့ မြန်မာစာ၊ မြန်မာစကားကို လည်း တန်ဘိုးထား ပြောကြားတဲ့ သူပါ။
မကြာသေးခင် ရက်သတ္တပတ်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အဖြစ်ခံ ယူကာ ဗုဒ္ဓဘာသာ ရှင်ရဟန်းဖြစ်လာတဲ့ အရှင် သရဏပါ။
ဥပဇ္ဈာယ်ဆရာတော်နှင့် အတူ
သူဟာ မြန်မာ့မြေကို ခြေမချခင်၊ ထေရ၀ါဒ ရဟန်းတပါးအဖြစ် မရခင်ကတည်းက မြန်မာစာ၊ မြန်မာစကား ကို ကောင်းမွန် ပိုင်နိုင်စွာ ပြောကြားနိုင်ရုံ မကပါဘူး။ ချက်-မြန်မာ အဘိဓာန်စာအုပ်ကို လည်း ပြုစုထားနိုင် သူတဦးပါ။
အရှင် သရဏ ပြုစု ထားတဲ့ ချက်-မြန်မာ အဘိဓာန်စာအုပ်ဟာ ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒီအရင် ချက်-မြန်မာ အဘိဓာန်ဆိုတာ မကြားဖူးခဲ့ ပါဘူး။
သီရိလင်္ကာနိုင်ငံ..ကိုလံဘိုမြို့ မှာ သွားရောက်နေထိုင်ပြီး ဗုဒ္ဓစာပေ၊ မြန်မာစာတွေ သူက လေ့လာခဲ့တယ်။ တခြား မြန်မာ အပါအ၀င် ဗုဒ္ဓဘာသာ ရှင်ရဟန်းတွေကို သူက အင်္ဂလိပ်စာသင်ပေးတယ်။ သီရိလင်္ကာနိုင်ငံ မှာ နေပြီး သီဟိုဠ် ဘာသာစာပေ၊ စကား လည်း သူက ကျွမ်းကျင်တယ်။ မြန်မာရဟန်းတော်တွေ ထံ ကရော အခြား နေရာများကပါ မြန်မာစာ တတ်မြောက်လာပြီး မြန်မာစာမှာ တော်လွန်းလာတော့ နောက်ဆုံး သူဟာ ချက်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုနိုင်ခဲ့ တာပါဘဲ။
အခုလို ချက်လူမျိုး ရဟန်းတော် အရှင် သရဏဟာ မြန်မာနိုင်ငံကို ရောက်ပြီး သူ့ရင်ထဲက အဖြစ်ချင်ဆုံး ကို အခုလိုလည်း ဖွင့်ဟ ထားပါတယ်။
“လူ့ဘဝကို ရတာဟာ ဒုလဘ္ဘတရားဖြစ်တယ်။ ဦးဇင်း ငယ်ငယ်ကတည်းက သူများနားလည်ရင် ကိုယ် နားမလည်သေးဘူး။ခုလို ဗုဒ္ဓဘာသာဖြစ်လာဖို့ မြန်မာနိုင်ငံမှာ ရဟန်းဖြစ် ဖို့ အများကြီးကြိုးစား ခဲ့ရ တယ်။ မြတ်ဘုရား သာသနာမှာ လူဖြစ်ရတာ ဒီဘဝမှာတင် နိဗ္ဗာန်ရောက်အောင်ကြိုးစားရမယ်။ တန်အောင်ကြိုးစားရမယ်” လို့ အရှင်သရဏက ဆိုပါတယ်။
ဒါကြောင့် အရှင် သရဏက ၀ိပဿနာ တရား ဘာဝနာ ကျင့်ကြံပွားများ အားထုတ်ပုံကို အခု ရန်ကုန်မြို့မှာ စနစ်တကျ အနီးကပ် သင်ယူလေ့လာနေပါတယ်။ ၅ နှစ်ကြာရင်တော့ တောရပ်မှာသွားပြီး တရား ကျင့်ကြံ မှာ ဖြစ်ပါတယ်တဲ့။
ကောင်းချီးပေးရန် စောလွန်းနေသေးသောနေ့ရက်များ
(The Star News မှ 5 Apr 2012 ရက်စွဲပါ "Still early days in Myanmar"သတင်းကို ဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်ထားသော Sanctions များကိုရုတ်သိမ်းရန် အာဆီယံက တောင်းဆိုနေသည့် အချိန်တွင် ဥရောပသမဂ္ဂ ကလည်း ထိုသို့ပြုလုပ်ရန် စိတ်ဝင်တစားရှိနေသည့် လက္ခဏာရှိသည်။ သို့သော် ထိုသို့ပြုလုပ်ပါက အချိန်မကျခင် အလောတကြီး အလျင်စလို ပြုလုပ်ရာ ရောက်ပေလိမ့် မည်။
မကြာသေးမီက နွေဦးကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီ က ၄၅ နေရာအနက် ၄၃ နေရာ အနိုင် ရရှိသွားသည့် သတင်းကိုဖတ်ရခြင်းမှာ အမှန်တကယ်ပင် ကြည်နူးစရာကောင်းသည်။
ယခင်အာဏာပိုင်များက နှစ်ပေါင်း ၂၀ နီးပါး အကျယ်ချုပ်ထိန်းသိမ်းခဲ့သည့်ကြားမှ သူမ၏ ကြာရှည်ခံပေါ်ပြူလာဖြစ်မှုကို စမ်းသပ်သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသည်ဟု ကနဦးသတင်းများက ဆိုသည်။
တပ်မတော်ကျောထောက်နောက်ခံပြုထားသော အာဏာရပါတီကြီးစိုးထားသည့် နေပြည်တော် မဲဆန္ဒနယ်များတွင်ပင် NLD ပါတီက အနိုင် ရရှိသည်ဟူသော သတင်းများမှာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပေသည်။
ဤအချက်ကိုကြည့်၍ မြန်မာပြည်သူလူထုတစ်ရပ်လုံး တစ်ယောက်မကျန် အပြောင်းအလဲကို မျှော်လင့်နေကြကြောင်း ထင်ရှားပေါ်လွင်နေသည်။ သို့သော် စာရေးသူ၏မိတ်ဆွေ မြန်မာတစ်ဦးပြောသကဲ့သို့ အနုစိတ်သော အဆင့်ပေါင်းများစွာ ကျန်ရှိနေသည်။ အချိန်စောလွန်းနေသေးသည်။
အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ ၆၀၀ ခန့်ကို ထိန်းချုပ်ထားဆဲဖြစ်သောကြောင့် တကယ့်အပြောင်းအလဲ မှန်သမျှ ဖြစ်ပေါ်လာရန်အတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘာတွေဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရန် လိုအပ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကိုသာမကပဲ ရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီ၏ အပြုအမူများကိုပါ စောင့်ကြည့်ရန် လိုသည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ ကျင့်ဝတ်များကို လေးစားလိုက်နာရန် စတင်ကြိုးစား နေသော်လည်း ယခင်က အလွန့်အလွန်အဆိုးဝါးဆုံး မှတ်တမ်းဟောင်းရှိခဲ့သည်။
ရွှေဝါရောင်တော်လှန်ရေးအပါအဝင် ဒီမိုကရေစီဆန္ဒပြပွဲများတွင် လူ့အသက်များသေဆုံးသည်အထိ နှိမ်နင်းဖြိုခွင်းခဲ့သော အစိုးရ၏ ရက်စက်မှု သည် ကမ္ဘာတစ်လွှား ထင်သာမြင်သာသော လူသေဆုံးမှုများစွာတို့အကြား ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့လေသည်။
လုပ်ပိုင်ခွင့်အပေါ် ပွင့်ပွင့်လင်းလင်းစိန်ခေါ်မှုနှင့် ရင်ဆိုင်ရချိန်တွင် မြန်မာအစိုးရက တုန့်ပြန်လာနိုင်ခြင်းအတွက် မည်သူကမှ မကူညီနိုင်သော်လည်း ဝိုင်းဝန်း ပူပန်စိုးရိမ်လျက်ရှိကြသည်။
"မြန်မာနိုင်ငံတွင် အတိုက်အခံများ၏ အယူအဆကို ပွင့်ပွင့်လင်းလင်းအပြည့်အဝ ဖော်ထုတ်ခွင့်ရှိပြီလား၊ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှုရှိမှာလား၊ ဒီမိုကရေစီဆန့်ကျင်ရေး နှိမ်နင်းဖြိုခွဲမှုတွေ နောက်ထပ်ရှိဦးမှာလား"စသည့် မေးခွန်းများစွာသည် ယခုတိုင်အဖြေမရှိသေးပါ။
မှန်ပါသည်။ အချိန်တွေစောလွန်းနေသေးသည်။ အာဆီယံဆီက တောင်းဆိုထားသလို၊ ဥရောပသမဂ္ဂကလည်း စိတ်ဝင်စားနေသည့် Sanctions ရုတ်သိမ်းရေးကိစ္စသည် အလျင်လိုလွန်းရာရောက်နေသည်။
အမှန်အတိုင်းပြောရလျှင် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဆိုးဆိုးဝါးဝါးရက်စက်မှုများကို အာဆီယံက လုံးဝအရေးတယူ မရှိခဲ့သည့်အပြင် ကုန်သွယ်မှုမှာလည်း လုံးဝမရပ်သွားခဲ့ပါ။ မြန်မာအစိုးရ(ဟောင်း)၏ ရက်စက်မှုများ၊ ပျက်ကွက်မှုများအပေါ် အာဆီယံအဖွဲ့ဝင်များက ငြင်ငြင်သာသာ လူသိရှင်ကြား ဝေဖန်ထောက်ပြမှုမျိုးကိုပင် မတွေ့ရှိရပါ။
အာဆီယံအဖွဲ့၏ ကြားဝင်မစွက်ဖက်ရေးမူဝါဒသည် "လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်၊ မင်းထိုက်နဲ့မင်းကံ"ဟူသော သဘောတရားနှင့် ကွာခြား ခြင်းမရှိခဲ့ပါ။
သို့ရာတွင် ယခုအခါ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ တရားသောဥပဒေစိုးမိုးရေးတို့ကို မြှင့်တင် ရန် အာဆီယံချာတာတွင် သဘောတူ လက်မှတ်ရေးထိုးကြခြင်းနှင့်အတူ အာဆီယံ၏မူဝါဒသည်လည်း စတင်ပြောင်းလဲ လာပြီဖြစ်သည်။
သို့သော် မြန်မာနှင့် နိုင်ငံတကာဆက်ဆံရေး၊ ပုံမှန်အဆင့်ဖြစ်လာအောင် အာဆီယံက အလျင်စလိုတောင်းဆိုနေခြင်းကို ကြည့်ခြင်းအားဖြင့် အာဆီယံချာတာပါ နားထောင်ကောင်းသော စာသားများကို ထိန်းသိမ်းမြှင့်တင်ကြမှာလားဟု စာရေးသူ သံသယဖြစ်မိသည်။
ထိုနည်းတူစွာ အနောက်အုပ်စုနိုင်ငံများကလည်း မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရေးအတွက် အပြေးအလွှား ခုန်ဝင်ကြရန် အလောတကြီး ဆန္ဒပြင်းပြနေကြခြင်းမှာ ရယ်စရာအကောင်းဆုံးဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် အဆိုးဝါးဆုံးကာလများ၌ပင် အနောက်နိုင်ငံကုမ္ပဏီများက မြန်မာ့ရေနံ၊ ဓာတ်ငွေ့ ကမ္ဘာတွင် ဆက်လက်လုပ်ကိုင်နေကြခြင်းကြောင့် အနောက်အုပ်စုသည် မြန်မာအစိုးရ(ဟောင်း)နှင့် အပြည့်အဝ အဆက်ဖြတ်ခြင်းလုံးဝ မရှိခဲ့ဘူးပါ။
သို့ဖြစ်ရာ မြန်မာအစိုးရအပေါ် နိုင်ငံတကာကပေးထားသော ဖိအားကလေးအနည်းငယ်ကို ကြားဖြတ်ရွေးကောက်ပွဲရလဒ်အပေါ် အလွယ်တကူ အခြေခံ၍ ရုတ်တရက်ရပ်ဆိုင်းခြင်း မပြုသင့်သေးပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောသည့် စကားအတိုင်း ယခုအောင်ပွဲလေးသည် ပြည်သူလူထု၏ အောင်ပွဲသာ ဖြစ်သည်။
မြန်မာပြည်သူများသည် လွတ်လပ်ခွင့်နှင့်ဒီမိုကရေစီအတွက် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ကြပြီး သူတို့ တတ်နိုင်သလောက် လက်တွေ့ကျကျ လုပ်ဆောင်ခဲ့ကြသည်ဟု စာရေးသူအသိအမှတ်ပြု တင်ပြလိုသည်။ ယခုအခါ မြန်မာအစိုးရကို ပုံမှန်ပြန်လည် ဆက်ဆံခြင်းအားဖြင့် မြန်မာပြည်သူတို့၏ ကံကြမ္မာကို လွှတ်ထားပေးရန်အတွက် အချိန်စောလွန်းနေသည်။
မြန်မာနိုင်ငံမှ ရဲရင့်သောပြည်သူများက သူတို့ ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသော လွတ်လပ်ခွင့်ကို အမှန်တကယ် စတင်ခံစားရပြီဟူသော သဲသဲကွဲကွဲလက္ခဏာများ ထွက်ပေါ်လာချိန်အထိ စာရေးသူတို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စိတ်ရှည်သည်းခံ စောင့်ဆိုင်းကြရန် သေချာပေါက် လိုအပ်နေသည်ဟု သုံးသပ်တင်ပြလိုက်သည်။
yangonchronicle
ဥဒါန်းမကြေ 7_July
ဥဒါန်းမကြေ
သမိုင်းမှတ်တမ်းလည်း ၀င်စေ ...။ နောင်တော့် နောင်တော်ကဗျာဆရာ တက္ကသိုလ်ကျောင်းတော်သား၊ အာဏာရှင်ဆန့်ကျင်ခဲ့ကြသူများရဲ့ သက်စွန့်ဆံဖျား ရေးသားသွားခဲ့တာတွေကိုလည်း နှောင်းလူ (မျိုးဆက်သစ်) တို့ သတိထား ဂုဏ်ပြုနိုင်ကြရန် ရည်ရွယ်ရင်း ...
ခင်လွန်း
(Less
7-July-1962-PDF
Weekly Eleven 7-39 ဂျာနယ်ဖတ်ကြမလား
Weekly Eleven 7-39 Hady
7 Day News ဂျာနယ် 2012.5.7
7Day News 11-17 Hdwd
ကျောက်ဖြူတွင် သောက်ရေကန် အဆိပ်ခတ်ခံရ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂြင်းကြီးအုပ်စု ကပိုင်ချောင်းကျေးရွာရှိ သောက်ရေကန် နှစ်ကန်ကို မသမာသူ များမှ အဆိပ်ခတ်သွားကြောင်း သိရှိရသည်။
အဆိုပါ အဆိပ်ခတ်မှုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်သွားခြင်းဖြစ်ကြောင်း ကပိုင်ချောင်းကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
“ ဘယ်သူခတ်သွားတယ် ဆိုတောတော့မသိဘူး။ ဒီနေ့မနက်က ငါးတွေသေနေတာတွေ့ရပါတယ်။ လူတွေ ထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒီနေ့ ကျောက်ဖြူက ဆရာဝန်တွေ စစ်ဆေးဖို့လာမယ်လို့ ပြောတယ်။”
ယခုအခါ ကပိုင်ချောင်းကျေးရွာသို့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ် နေကြောင်းလည်း သူမကဆက်ပြောသည်။
“ ဒီမနေ့မနက်က ရဲတွေရောက်တယ်။ ကျောက်ဖြူက ဆရာဝန်ကြီးတွေ မရောက်သေးတဲ့အတွက် ဘာမှမ လုပ်ကြသေးဘူး။ ရွာသားတွေကို စစ်ဆေးမေးမြန်းတာလည်း မရှိသေးဘူး။ မွတ်ဆလင် လူမျိုး နှစ်ဦးကိုတော့ ရွာက လူတွေ သံသယ ရှိနေကြတယ်။ ဆရာဝန်တွေ အလာကို စောင့်နေကြ တယ်။”
ကပိုင်ချောင်းကျေးရွာမှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဇွန်လ ၂၉ ရက်နေ့ကလည်း မြေပုံမြို့ မြို့သူမြို့သားများ သောက်သုံးနေသည့် အထက်တန်းကျောင်း ရှေ့တွင် တည်ရှိသည့် တရာတန်ကို မသမာသူများက အဆိပ်ခတ်ခဲ့သည်။
http://www.narinjara.com/
ညမထွက်ရအမိန့် မလိုက်နာသူများကို စစ်တွေမြို့ တွင် ဖမ်းဆီးစစ်ဆေး
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ကို လိုက်နာ မှုမရှိသူများအား ယမန်နေ့ ညနေက လိုက်လံ ဖမ်းဆီးကာ စစ်ဆေးမူများ ရှိခဲ့သည်ဟု သိရသည်။
လုံခြုံရေးကို တိုးမြှင့်ချထားပြီးနောက် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ မြို့သူကြီး ရပ်ကွက်မှ အမျိုးသမီးတဦးက ပြောသည်။
“ မနေ့က ရခိုင်တွေကို ဖမ်းတယ်ဆိုတာက စည်းကမ်း မလိုက်နာတဲ့ အတွက် ဖြစ်ပါတယ်။ ဆိုင်ကယ်တွေနဲ့ ညဥ့် အချိန် မတော် ထွက်နေကြတယ်။ သတ်မှတ်ထားတဲ့ အချိန် မထွက်ပါနဲ့လို့ အာဏာပိုင်တွေက ပြောထားတာကို မလိုက်နာတဲ့ ထွက်တဲ့ အတွက် ဖမ်းဆီး စစ်ဆေး ခံရတာ ဖြစ်ပါတယ်။ တချို့လည်း အဖမ်းခံရတယ်လို့ ကြားပါတယ်။”
ယမန်နေ့ညဥ့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ဖြင့် သွားလာနေသူတ ချို့ကို မြို့သူကြီးရပ်ကွက် မောင်ရွှေလုံးလမ်းထိပ်တွင် ဖမ်းဆီး စစ်ဆေးမှုများရှိခဲ့သည်ဟု အဆိုပါ ရပ်ကွက်မှ မျက်မြင် ဦးကလည်း ယခုကဲ့သို့ ပြောသည်။
“ညမထွက်ရ အမိန့်ထုတ်ထားပေမဲ့ ည ၈ နာရီ ၉ နာရီအထိ ဆိုင်ကယ်တွေနဲ့ သွားလာ နေတဲ့သူတွေကို ဖမ်းပြီး စစ်ဆေးတာတွေ တွေ့လိုက်ပါတယ်။ သူတို့ကိုလည်း ပြန်လွှတ် ပေးလိုက်တယ်လို့ထင်ပါတယ်။ ပြန်သွားကြ တာ တွေ့လိုက်တယ်” ဟု ဆိုသည်။
အလားတူ စစ်တွေမြို့ ဆေးရုံကြီး အနီးတ၀ိုက်တွင်လည်း ညနေပိုင်း ဆေးရုံလာသူများကို ဖမ်းဆီးမူများ ရှိခဲ့သည်ဟု သိရသည်။
“ ဆေးရုံကို လာကြတာကတော့ လူနာတွေ ကြောင့်ပါ။ မနေ့ ညနေက အဖမ်းအဆီး တချို့ ရှိတဲ့ အတွက် လူတွေက ဆေးရုံကို မလာနိုင်တော့ လူနာတွေ အထူး ဒုက္ခရောက်ခဲ့ကြတယ်လို့ ကြားပါတယ်။ ဒါကြောင့် မသွားမဖြစ် သွားရမယ့် လူတွေအတွက် ပုဒ်မ ၁၄၄ ကြောင့် အခက်အခဲတွေတော့ ရှိနေပါတယ်” ဟု ပြောသည်။
သို့သော်လည်း ကျန်းမာရေးကိစ္စအပါအ၀င် တခြားအရေးပေါ်ကိစ္စများပေါ်ပေါက်လျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံ ပို့ဆောင် ပေးနေသဖြင့် ဆက်သွယ် ဆောင်ရွက်ပြီး သွားလာကြရန် အာဏာပိုင်များက ပြောဆိုထားသည်ဟု ဆိုသည်။
ယခုအခါ စစ်တွေမြို့ အခြေအနေမှာ တည်ငြိမ်နေပြီဟု ပြောဆိုနိုင်သော်လည်း စိတ်ချရသည့်အနေ အထားမ ဟုတ်သေးကြောင်း အစိုးရ၀န်ထမ်းတဦးက ယခုကဲ့သို့ ပြောသည်။
“ ဇူလိုင်လ ၁ ရက်နေ့ ၀န်ထမ်းအိမ်ရာမှာ အိမ်တဆောင် မီးရှို့ခံရတယ်။ နောက်တနေ့ ဘုမေရွာမှာ တစ် ဆောင် လောင်တယ်။ အဲဒီလို တစ်နေ့တစ်ဆောင်လို ဟိုနားကလောင် ဒီနားက လောင် ဖြစ်နေတဲ့ အတွက် အသွားအလာတွေကို ဆင်ခြင်ဖို့ လိုပါတယ်။ လုံခြုံရေးကလည်း အခု တိုးမြှင့်ထားပြီး အသေအချာ ကြတ်မတ်နေတာကို တွေ့နေပါတယ်” ဟု သူက ဆိုသည်။
စစ်တွေမြို့ဈေးကြီးကို ယနေ့စတင်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ နံနက်ပိုင်းထိ ဈေးကြီးမဖွင့်သေးကြောင်းနှင့် ဟင်းသီးဟင်းရွက် နှင့် အသား၊ ငါးများရောင်းသည့် ဈေးဆိုင်များကိုသာ ဖွင့်လှစ်ထားသည်ကို တွေ့ခဲ့ရကြောင်း မြို့သူကြီးရပ်ကွက်မှ အမျိုးသမီးက ပြောသည်။
http://www.narinjara.com/
၇ ဇူလိုင်အမှတ်တရ အိုးဝေစာကြည့်တိုက်ဖွင့်ပွဲ
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ကျဆုံးခဲ့သော ကျောင်းသား ရဲဘော်များကို ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂ (ရ.တက.သ) ၏ 'အိုးဝေ'စာကြည့်တိုက်နှင့် ပညာဒါန သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ၊ (၄)ရက် နံနက် (၉)နာရီက သန်လျင်မြို့နယ်၊ မြို့သစ် အနောက်ရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်း အားကာဆိုင်တန်း၊ ဆိုင်ခန်းအမှတ်(၉) တွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားခါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုပြုံးချို တို့ တက်ရောက်ခဲ့ပြီး ကိုမင်းကိုနိုင် က အမှတ် တရ စကားပြောကြားခဲ့သည်။
စစ်တွေမြို့မ ဈေးကြိးအား ယနေ့ နံနက် ၉ နာရီခန့်က စတင်ဖွင့် 5.7.2012
စစ်တွေမြို့မ ဈေးကြီးအား ယနေ့ နံနက် ၉
နာရီခန့်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းဈေးတွင် ဘင်္ဂလီများ ပိုင်ဆိုင်သော ဆိုင်ခန်းများနှင့် ကုန်များကို ပိုင်ရှင်များ လက်သို့ အပ်နှံလိုက်ပြီး ဖြစ်ကြောင်းနှင့် ဈေးအား ညနေ ၃
နာရီခန့်တွင် ပြန်လည် ပိတ်မည်ဖြစ် ပြီး
တနင်္ဂနွေနေ့ မှအပ အခြားရက်များတွင် ပုံမှန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့နယ် ခရီးစဉ်ပုံရိပ်များ
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဇူလိုင်လ ၅ရက် နံနက် က သူ၏ မဲဆန္ဒနယ်မြေ ဖြစ်သောကော့မှူးမြို့နယ်သို့ ဒေသခံများနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။
သေနတ် အဘိဓမ္မာကိုတူးဆွကြည့်ခြင်း (သို့) ကံ့ကော်ဝမ်းနည်းမှတ်တမ်း စံညိမ်းဦး
( ၁ )
မန္တလေးကျောင်းဆောင်နံရံမှာ
သွေးနဲ့ရေးခဲ့
“၇ ဇူလိုင်ကိုမမေ့ကြနဲ့” တဲ့
လွန်ခဲ့တဲ့နှစ် ၅၀ ကစာသား
မြောင်းမြသား ကျောင်းသားကိုကျော်ဝင်းရဲ့
နောက်ဆုံးအရေးအသား
အားလုံးကိုယ်စား
သူ့ကိုယ်ကသွေးနဲ့မှာခဲ့တဲ့
သမိုင်းဝင်သွေးစကား
အခု . . . နှစ် ၅၀ ပြည့်ခဲ့ရာ
ဒါဟာ . . .
ငါမမွေးခင်က အဖြစ်အပျက်တွေ
ဒါဟာ . . .
ငါမမွေးခင်က အစုလိုက်အပြုံလိုက် လူသတ်ပွဲအမှု
အခု . . .
ငါမမွေးခင်ကထဲက ရှိခဲ့တဲ့လူသတ်အဘိဓမ္မာဟာ
ငါမွေးပြီးတော့လည်း ရှိလို့ဆိုတော့ကာ
ငါ့မှာနားမလည်နိုင်အောင်ဖြစ်ရ
အဲဒီလို နားမလည်နိုင်အောင်ဖြစ်ရ
ငါ့တိုင်းပြည်သမိုင်းကို
ငါဟာ အရူးအမူးတူးဆွလို့။
( ၂ )
တူးဆွ
တူးဆွကြည့်တော့
ရာဇ၀င်မြေထုဟာတုန်ဟီး
ငို၊ ရှိုက်ညီးသံတို့အထပ်ထပ်
သွေးစိမ်းနံ့တို့အလွှာလွှာ
ငါတူးကြည့်တယ်
တစ်ထပ်ပြီးတစ်ထပ်တစ်လွှာပြီးတစ်လွှာ
အနက်ရှိုင်းဆုံးအလွှာမှာတော့
သန့်ရှင်းသောအရိုးတွေ တောင်ပုံရာပုံ
အလို
ခွပ်ဒေါင်းတို့ရဲ့ နီစွေးသောသွေးခဲအလွှာ
ငါ့ရင်ဟာတဆတ်ဆတ်
ရာဇ၀င်ထဲကယမ်းနံ့ဟာတဖျပ်ဖျပ်
ယမ်းနံ့လိမ်းကျံကံ့ကော်ရနံ့ဟာတပျံ့ပျံ့
အော်
မိုက်မလင်းနိုင်ဘု
အမိုက်ဇာတ်ကိုရွှင်ရွှင်ကြီး ‘က’ ခဲ့သူတို့ရဲ့ သေနတ်အဘိဓမ္မာ
ငါအံ့သြ သြချရမိပါတယ်
ငါအံ့သြ သြချရမိပါတယ်
အဲဒီလို
ငါအံ့သြ သြချရမိတဲ့ ငါ့တိုင်းပြည်သမိုင်းရယ်တဲ့လေ
တူးဆွ။
( ၃ )
တူးဆွ
တူးဆွကြည့်တော့
၁၉၆၂ တဲ့
ဘ၀တွေ အားလုံးမှောင်ကြီးကျ
အ၀ီစိမှာ ပိန်းပိတ်သွားရတဲ့
နှစ်ကာလများရဲ့ အစပေပဲ။
အဲဒီမှာ
၇ ဇူလိုင်လူသတ်ပွဲ တဲ့
ကျွန်းဆွယ်အရေးအခင်း တဲ့
တက္ကသိုလ်ရွှေရတုလှုပ်ရှားမှု တဲ့
ဦးသန့်ဈာပန  အရေးအခင်း တဲ့
၇၅ ဇွန် ၆ ကျောင်းသားသပိတ် တဲ့
မှိုင်းရာပြည့် တဲ့
အလုပ်သမားအရေးအခင်း တဲ့
ရှစ်လေးလုံး အရေးတော် ပုံ တဲ့
. . . . . . . . . . . . . .တဲ့
. . . . . . . . . . . . . .တဲ့
အဲဒီအထဲမှာမှ
၇ ဇူလိုင်အရေးတော်ပုံဟာ
အထင်ကရနဲ့
မမေ့နိုင်စရာနဲ့
နောက်ဥဒါန်းဘယ်မကျေစရာနဲ့
ဒါဟာ
ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့အစ
စစ်အာဏာရှင်ဖီဆန်မှုရဲ့အစ
မဆလမျက်နှာဖုံးကိုခွာချပြ
ကျောင်းသားတိုက်ပွဲများရဲ့အစ
စစ်ဖိနပ်အောက်က
ကမောက်ကမပညာရေးကို ဆန့်ကျင်ခြင်းရဲ့အစ
ပြီး
စစ်အာဏာရှင်စနစ်ရဲ့
ဆိုင်းဆင့်သံ။
( ၄ )
တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ လက်မခံတဲ့ရပ်တည်ချက်နဲ့
ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ
ယုံကြည်ချက်အတွက် တွန်ကျူးသံမှာ
ဒီမှာ  အကျဉ်းစခန်း
ဒီမှာ  ငရဲခန်း
ဒီမှာ  ဘဝ
ဒီမှာ  အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ့
သင်တို့ရဲ့တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိုးတတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။
အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
အခု
ဘ၀ဖြိုအမုန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျသွား  အဓိပတိလမ်းကို
အမျှဝေရမယ်။
ဒီမိုကရေစီနှင့်အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကိုအမျှဝေရမယ်။
အမျှဝေရမယ်။
( ၅ )
၇ - ၇ - ၆၂
အမုန်းသမိုင်းကိုစတင်ခဲ့သူတို့ရဲ့ရက်စက်ခြင်းမှာ
ညနေ ၅ နာရီ ၃၀ မိနစ်
ကံ့ကော်မြေကိုလောင်တိုက်သွင်းပစ်မလို့တဲ့
 ( သနက - ၄ ) တင်စစ်ကားနှစ်စီး
အကာလရဲ့မီးကို ထွန်းညှိလို့။
အစွယ်တလက်လက်
သွားရေတမြားမြား
လုံထိန်းဟာ
ဘီလူးယိမ်းနဲ့ ဂျီသရီး ဂျီဖိုး သစ်တွေကိုပိုက်လို့
ပစ်စမ်း ပစ်စမ်း
၃ မိနစ်ပစ် ၂ မိနစ်နား ၃ မိနစ်ပစ်
ပစ်စမ်း ပစ်စမ်း
အဆုံးမတော့ ရေဒီယိုကကြေငြာပါတယ်
၁၇ ဦးသေဆုံးသတဲ့
စစ်အာဏာရှင်စနစ်ဆိုတာ
မုသာဝါဒရဲ့ ဒုတိယကိုယ်ပွား
ကျောင်းသားတိုက်ပွဲသမိုင်းမှာတော့
ရာကျော် ကျောက်တိုင်ဆိုတာရှိခဲ့ပါပြီကော. .  ကံ့ကော်။
ကံ့ကော်ရေ
မျက်မြင်သက်သေတွေကိုခေါ်ရရင်
မန္တလေးဆောင်၊ ရာမညဆောင်၊ ပင်းယဆောင် နံရံကကျည်ဆံရာ
တကသ မြက်ခင်းစိမ်းနဲ့ အဓိပတိလမ်း
ကံ့ကော်မြိုင်တန်းရေ
သင်ကိုယ်တိုင်လည်း မျက်မြင်သက်သေပါပဲလေ။
အခု
အပ်တိုတစ်ချောင်းမှမပါသူတို့ကို
ဓားဓားချင်း လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်ရဲရင့်လိုက်ကြပုံများ
အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ
ရာကျော်ကျောက်တိုင်ဟာ နာကျင်စရာ
ပန်းခွေချကြ
အလေးပြုကြ
ဖဲကြိုးနက်ကိုချိတ်ကြ
၇ ဇူလိုင်တ၀ဂူသီချင်းကိုသီကြ
ဖက်ဆစ်အလောင်းကောင်ကိုမီးရှို့ကြ
ယုံတယ်
တစ်နေ့တော့
အာဏာရှင်စနစ်ဟာကျဆုံးမုချပါပဲ။
( ၆ )
ဇူလိုင် ၇ ရက် ×  × ၇ ရက်ဇူလိုင်
မမေ့နိုင်တဲ့ကျောင်းသားသမိုင်း ×  × ထာဝစဉ်နီ . . .
ငါတို့ဆိုတယ်။
၁  “မျက်စိမ်းသွေးပေ
     ကံ့ကော်ကြွေသည်
     ဤမြေမည်သို့ဖြစ်သနည်း” တဲ့
ငါတို့ဆိုတယ်။
၂  “သားသေကိုမှ
     မမြင်ရသည်
     မိဘကံခေဆိုးစွတကား” တဲ့
     ငါတို့ဆိုတယ်။
၃  “ပင်ပျိုဆက်လက်
     အညွှန့်တက်ကို
     ရက်စက်သူများ  ချိုးပစ်သည်” တဲ့
     ငါတို့ဆိုတယ်။
     ငါတို့ဆိုတယ်။
     ငါတို့ဆိုခဲ့ပါတယ်။
( ၇ )
အို
စစ်အာဏာရှင်တစ်ဆက်
အသက်ပေါင်းများစွာနဲ့
ယဇ်ပူဇော်အရသာခံရက်သူတို့
ယဇ်ပလ္လင်ထက်
သင်တို့သေနတ်အဘိဓမ္မာဆီက
ငါတို့ရခဲ့တာ
ကြောက်မက်ဖွယ်စကားနှစ်ခွန်း
ဘ၀အားလုံးနစ်မွန်းခဲ့ရာ . . .
ဟုတ်ကဲ့ . . .
၁။  “ဓားဓားချင်း၊ လှံလှံချင်း ထိပ်တိုက်ရင်ဆိုင် သွားမတဲ့” တဲ့။
၂။  “ စစ်တပ်ဆိုတာ  ဘယ်တော့မှမိုးပေါ် ထောင်မပစ်ဖူး” တဲ့။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတူးဆွရခဲ့မိသမျှ
နှစ် ၅၀ ပြည့်ခဲ့အရေးတော်ပုံ
ယုံတယ်
ဘယ်လိုမတရားတဲ့  ဖိနှပ်ချုပ်ချယ်မှုမျိုးကိုမဆို
( ဘယ်သမိုင်း  ခောတ်မှာမဆို )
မြူတစ်မှုန်မျှတောင်  အလိုမရှိတော်လှန်စိတ်ဓာတ်
၇ ဇူလိုင်ကပေးတဲ့စိတ်ဓာတ်
အဲဒီစိတ်ဓာတ်ကို
သစ္စာငတ်သူ ( ငါတို့ )
ရင်နဲ့လက်ဖျံမှာကပ်လို့။
သိကြ
ကျောင်းနံရံကိုလည်းမထိနဲ့
ဒေါင်းအလံကိုလည်းမဖိနဲ့    ဆိုလား . . .
ဒေါင်းအသံ  ဒေါင်းမာန်နဲ့
ဒေါင်းတမန်တို့  အိုးဝေတေးကိုသီလို့။
သိကြ
ခွပ်ဒေါင်းဆိုတာ
အမှန်တရားဆိုတာ
အမှန်တရားဘက်  ထာဝစဉ်မပြောင်းလဲစတမ်းရပ်တဲ့ဇာနည်
အမှောင်မှာ  အဆန်ကိုပျံနေမယ့်  သစ္စာဌက်
နံနက်မိုးသောက်ရင်တော့
အလင်းဆွတ်ရစမြဲပေါ့  ကံ့ကော်ရယ် . . . .  ။
                                                                    စံ ညိ မ်း ဦး
  • အပိုဒ် ( ၆ ) ပါ  သုံးကြောင်းကဗျာအချို့မှာ  ၇  ဇူလိုင်အရေးတော်ပုံအပြီး ထွက်ရှိတဲ့ ‘ တက္ကသိုလ်ဝန်းကျင်ကဗျာများ’ စာအုပ်ကဖြစ်ပါတယ်။
  • ၁။  တရားခံ   ၂။  စစ်နှင့်ပြည်သူ    ၃။  တိုင်တည်ခြင်း   ၄။  တန်ဘိုးမသိသူ
  •  ( ဗကသ ) နှင့်အတူ      ကိုအောင်ဆန်း၊  ကိုဗဟိန်း၊  ကိုအောင်ကျော်၊  အာဏာရှင် ကိုလှရွှေမှသည်  ဟယ်ရီတန်၊  ကိုသက်၊  ကိုဗဆွေလေး၊   ဆလိုင်းတင်မောင်ဦးတို့အလယ်
  • ကိုဖုန်းမော်၊  ကိုစိုးနိုင်တို့အဆုံး    စသည်ဖြင့် ဗမာပြည်လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊  ဒီမိုကရေစီရေးသမိုင်းကို အသက်အသွေးဖြင့်  လမ်းပြခဲ့ကြသည့်  မြောက်မြားစွာသောအာဇာနည်၊သူရဲကောင်း  အပေါင်းတို့အား ယခုကဗျာဖြင့်  ဦးညွှတ်ဂုဏ်ပြုပါ၏။
by Nay Zaw on Thursday, July 5, 2012
at 1:48pm ·
ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်ခဲ့တဲ့ ကဗျာ
ဗကသ အလံနှင့် တံဆိပ်
(မူရင်းစာရေးဆရာ Willian Ernest Henlay ၏) မူရင်းကဗျာကို အိုဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း( အမျိုးသား ခေါင်ဆောင် ဗိုလ်ချုပ်အောင်ဆန်း) မှ ဘာသာပြန်ဆိုပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ထုတ်ဝေသော် “အိုးဝေ” မဂ္ဂဇင်းတွင် ရေးသားခဲ့တဲ့ ကဗျာတပုဒ်ပါ။ ဆဲဗင်း ဇူလိုင် နှစ်ငါးဆယ်ပြည့်အတွက် ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။
“ အနိုင်မခံ”
ငါ့အား ဖုံးလွှမ်းထားအပ်သည့်
ညဥ့်နက်သန်းခေါင် အမှောင်အတွင်းမှ
အသူတရာမျှနက်သော
ချောက်ကမ်းပါးတွင်မှ
ငါ၏ မကြောက်တရားကို ဖန်တီးထားသည့်
နတ်သကြားများကို ငါကျေးဇူးတင်ပါ၏
လောကဓံတရား၏ ကြမ်းကြုပ်သောလက်ဆုပ်တွင်းသို့
ငါ သက်ဆင်းကျရောက်ငြားလည်း
ငါ ကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ ဦးခေါင်းတို့သည် သွေးဖြင့် ချင်းချင်းနီ၏
သို့သော် ညွတ်ကား မညွတ်
လောက၊ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့၌
သေခြင်းတရားသည် ကြောက်မက်ဖွယ် ငံ့လင့်၏
သို့သော် ငါအား မတုန်လှုန်သည်ကိုသာ တွေ့ရအံ့
နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ်တွေ့ရလတ္တံ့။
သုဂတိ သို့ သွားရာ တခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုက်တွင်
ငါ၏ အပြစ်များ မည်မျှပင်ရေး ခြစ်ထားစေ
ငါသာလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာလျှင် ငါ ဘ၀၏သခင် ဖြစ်တော့သည်။
ဒိုင်းနမိုက်ဖြင့် ဖြိုခွင်းခံရသော ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦ နှင့် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် အရေးတော်ပုံတွင် ကျဆုံးသွားခဲ့သော မြောင်းမြမှ ကျောင်းသား ကိုကျော်ဝင်း ( ၀ိဇ္ဇာ-ခ-တန်း) ၏ သူ့ခန္ဓာကိုယ်က သွေးနှင့် သူကိုယ်တိုင် ရေးသားခဲ့သော မန္တလေးဆောင် နံရံမှ သွေးစာတန်း။
ဗိုလ်ချုပ်အောင်ဆန်း
Thursday, July 05, 2012
အိမ့်သံစဉ်, ko tunwai
ရေ၏ အကျိုး(၁၀) ပါး
ဒေါ်အောင်ဆန်းစုကြည်သည်5.7.2012 ကြာသာပတေးနေ့  ယနေ့ တွင် အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက် ဆရာတော်နှင့်တွေ့ဆုံခဲ့ပြီး ရေသန့်စက်တည်ဆောက်နိုင်ရန်
အလှူငွေပေးအပ်ခဲ့လို့ သိရတာနဲ့ ရေအကျိုးတိုးပွားခံစားရပုံကို ဖော်ပြလိုက်ပါတယ်.. ရေ၏ အကျိုး(၁၀) ပါး
အမျိုးဘာသာ သာသနာ ကိစ္စဖြစ်သောကြောင့် အကျိုးကိုလို၍ လှူဒါန်းခြင်း မဟုတ်သော်လည်း ရေအကျိုး (၁၀) ပါးကို သိရှိစေရန်မိမိမှ ဖော်ပြပေးလိုက်ပါတယ်။
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။
အမိမြန်မာပြည်အတွက် သံဃာတော် များအားတတ်နိုင်တဲ့ဖက်မှ လှူဒါန်းရန် တန်ဘိုးထားလေးစားသောအားဖြင့် ..ကျွန်တော်ကဒီနေရာမှဖော်ပြအပ်ပါတယ်။
မတောင်းဘဲနှင့်ပြည့်စုံနေရတဲ့ ရေလှူရခြင်း၏ကုသိုလ်များဖြစ်ပါတယ်။
အမေဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အလှူရှင်များ အားလုံး နတ်လူသာဓုခေါ်စေနိုင်ရန် ဆုမွန်ကောင်းများ ပေးပို့ အပ်ပါတယ်...။
ကိုထွန်းဝေ
မန္တလေးမှာ Passport ရုံး ဖွင့်ပြီ
မန္တလေးမှာ မြန်မာနိုင်ငံကူးလက်မှတ် (Passport) မန္တလေး- ရုံးခွဲ ကို ယမန်နေ့ ဇူလိုင်လ ၄ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါပြီ။ နေရာကတော့ မန္တလေးမြို့ ၁၂ လမ်း ၊ ၆၅လမ်းနဲ့ ၆၆ လမ်းကြား ဖြစ်ပါတယ်။
စတင် ဖွင့်လှစ်တဲ့နေ့မှာဘဲ လာရောက် လုပ်သူ ၂၀၀ လောက်ရှိပါတယ်တဲ့။ ပုံမှန် နိုင်ငံကူးလက်မှတ်နဲ့ ဘဏ် သွင်းငွေ ၂၅၇၀၀ ကျပ် ဖြစ်ပြီး အသက်ကြီး၊ နာမကျန်းသူများအတွက် မန္တလေး စည်ပင် နယ်နမိတ်အတွင်း အိမ်တိုင်ရာရောက် ၀န်ဆောင်မှုပေးမှာဖြစ်ပြီး ဘဏ်သွင်းငွေနဲ့ စာအုပ်ဖိုး ကျပ်ငွေ ၄၀၀၀၀ ကုန်ကျပါမယ်တဲ့။
လျှောက်လွှာတင်ပြီး ရက်သတ္တပတ် ၃ ပတ်အတွင်း စာအုပ်ထုတ်ပေးသွားမှာဖြစ်ပါတယ်တဲ့။
နိုင်ငံကူး လက်မှတ် လျှောက်ထားသူတွေအနေနဲ့ ထုံးစံအတိုင်း နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းဝင် ( ပုံစံ- ၁၀ )၊ တက္ကသိုလ် ဘွဲ့ရ ဖြစ်ပါက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက်၊ အသက် ၁၀ နှစ်အောက် ကလေးများဖြစ်ပါက မွေးစာရင်းပါရှိရမှာဖြစ်ပြီး အငြိမ်းစား ၀န်ထမ်းများ ဖြစ်ပါက အလုပ်မှ အလုပ်မှ နုတ် ထွက်စာ သို့မဟုတ် ပင်စင်စားများ ဖြစ်ပါက ပင်စင်စာအုပ်ယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါတယ်။
ကျန်တဲ့ ပုံစံ ၁၇ ၊ ပုံစံ ၁၉ ဖိုးတွေနဲ့ ရပ်ကွက်နဲ့ ရဲစခန်း ထောက်ခံစာကြေး၊ ပညာရေး ကင်းရှင်းကြောင်း ထောက်ခံစာကြေးတွေ ပါရင်တော့ ဒီထက်ပိုပြီး ကုန်ကျနိုင်မယ့်သဘောပါ။
 Thursday, July 05, 2012  အိမ့်သံစဉ်
★ နှစ်(၅၀)မြောက်ရွှေရတု ဇူလိုင်(၇) အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားဆန္ဒပြပွဲဖိတ်ကြားခြင်း
★ နှစ်(၅၀)မြောက်ရွှေရတု ဇူလိုင်(၇) အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားဆန္ဒပြပွဲဖိတ်ကြားခြင်း ★
၁ ရက်၊ ဇူလိုင်လ၊ ၂၀၁၂ခုနှစ်
ရန်ကုန်တက္ကသိုလ်သည်ခေတ်သစ်သမိုင်းအဆက်ဆက်တွင်ဗမာနိုင်ငံ၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးစသည့်နယ် ပယ်ကဏ္ဍအသီးသီးတွင်နိုင်ငံသားကောင်းလူတော်လူကောင်းမြောက်များစွာကိုမွေးထုတ်ပေးခဲသလိုခေတ်ပြောင်း တော်လှန်ရေးအသီးသီး၏ အမျိုးသားရှေးဆောင်လမ်းပြနယ်မြေ တခုလည်းဖြစ်ခဲ့ပေသည်။ ဤရန်ကုန်တက္ကသိုလ် နယ်မြေနှင့်သမဂ္ဂကိုစစ်အာဏာရှင်ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့တော်လှန်ရေးကောင်စီကဘယ်တော့မှခေါင်းမဖော် နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပြတ်ရှင်းခဲ့သည်မှာ လာမည့်ဇူလိုင်(၇)ရက်ဆိုလျှင် နှစ်(၅၀)ပြည့်တော့မည်ဖြစ် သည်။ကျောင်းသားများကိုဖမ်းခဲ့၊သတ်ခဲ့၊ပြီးတော့စစ်တပ်ကိုခေါင်းဖော်မကြည့်ရဲအောင်ဦးချိုးပြသည့်သဘောဖြင့်ကလောင်ကိုင်သောကျောင်းသားထုနှင့်ကျောင်းသားသမဂ္ဂကိုမိုင်းခွဲဖြိုချ၊ သတ်ဖြတ်ခဲ့သည်။စစ်အုပ်စုခေတ်အ ဆက်ဆက်ကလည်းဤနယ်မြေနှင့်ဤသမဂ္ဂကိုနှစ်ပေါင်း(၅၀)ကာလတလျှောက်လုံးဆက်တိုက်နှိပ်ကွပ်ခဲ့ကြ သည်။ကျောင်းသားတို့ကလည်းခွပ်ဒေါင်းစိတ်ဓါတ်ဖြင့်ဤစစ်အာဏာရှင်များနှင့်စစ်အုပ်စုအဆက်ဆက်ကိုမည် သည့်အခါမျှဦးမညွတ်ခဲ့ကြပဲဆက်လက်တိုက်ပွဲဝင်နေဆဲပါ။ဗိုလ်နေ၀င်မွေးထုတ်ပေးခဲ့တဲ့ဗိုလ်သိန်းစိန်စစ်အုပ်စုက လည်းယနေ့အချိန်အထိကျောင်းသမဂ္ဂများပြန်လည်ဖွဲ့စည်းမှုများကိုအသိအမှတ်မပြုသေး၊မိုင်းခွဲသတ်ဖြတ်မှုကို ၀န်ခံတောင်းပန်ရန်ဝေးလေစွ၊မသိဟန်ဆောင်နေကြဆဲဖြစ်သည်။သို့ဖြစ်ပါ၍ကျောင်းသားသမဂ္ဂပြန်လည်တည် ဆောက်ရေး၊လွတ်လပ်သည့် ရန်ကုန်တက္ကသိုလ်နှင့်လွတ်လပ်ပညာရေးစနစ်ပြန်လည်ပေါ်ထွန်းရေး၊စစ်မှန်သော ဒီမိုကရေစီနှင့်ပြည်သူ့အခွင့်အရေးများအပြည့်အ၀ရရှိရေးတို့ကိုဦးတည်ကာနှစ်(၅၀)ရွှေရတုဇူလိုင်ဆဲဗင်းဂုဏ်ပြု အခန်းအနားဆန္ဒပြပွဲကိုအောက်ပါအစီအစဉ်အတိုင်းပြုလုပ်မည်ဖြစ်ပါသဖြင့်မပျက်မကွက်တက်ရောက်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။
နေရက်။ ။ဇူလိုင်(၇)ရက်နေ့၊ ၂၀၁၂ခုနှစ်(စနေနေ့)
နေရာ။ ။၁၀ E ၊ ၇၇လမ်း၊ Madison နှင့် Fifth Avenueကြား၊ မန်ဟတ်တန်၊ စစ်ကောင်စစ်ဝန်ရုံးရှေ့
အချိန်။ ။နေလည်(၂)နာရီမှ(၄)နာရီအထိ
မေတ္တာရပ်ခံချက်။ ။အနက်ရောင်အ၀တ်အစားများဝတ်ဆင်လာကြပါရန်
ဆက်သွယ်ရန်။ ။ကိုရဲထွဋ်(၃၄၇-၂၂၆-၀၅၇၂)၊ဒေါက်တာခင်စိန်(၉၁၉၉၂၃၁၉၆၁)၊ကိုခွန်ထွန်းတောက်(၃၀၁၇၀၆၁၅၉၁)၊ ကိုအောင်သန်း(၉၁၉၂၄၀၉၃၈၃)၊ ကိုမင်းနိုင်(၇၁၆၅၄၄၁၁၇၂)၊ကိုရဲလွင်(၉၁၇၈၈၉၁၉၄၆)
အလုပ်အမှူဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း
International Foundation for Burma National Congress (IFBNC)
ifbncexecutive@gmail.com, http://ifncblog.blogspot.com/, http://www.ifbnc.org/ , http://www.ifbnc.org/bur
— 
Ko myoe
ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ သူများထဲမှာ နိုင်ငံရေး အကျဉ်းသား အချို့ပါဝင်
ဖော်ပြပါသတင်းအား ကြိုဆိုလိုက်ပြီး ကျန်ရှိနိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ထပ်မံတောင်းဆိုအပ်ပါတယ်..
ယနေ့ လွတ်ငြိမ်းခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ကြောင်း သိရပြီး ၎င်းတို့မှာ ကလေး ထောင်က ကိုအေးအောင်၊ သရက် ထောင်က ကိုသန်းဇော်၊ ပြည် ထောင်က ကိုပြည့်ဖြိုးအောင်၊ ကသာ ထောင်က ကိုအောင်အောင်ဦးတို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အခြားနိုင်ငံရေးအကျဉ်းသား ပါဝင်ခြင်း ရှိ၊ မရှိကို ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါသည်။
Eleven Media Group
၁၉၈၉ ခုနှစ်တွင် သန်လျင် ရေနံချက် စက်ရုံ ဗုံးဖေါက်ခွဲမှုဟူသော စွပ်စွဲချက်ဖြင့် မတရားစွပ်စွဲပြီး သေဒဏ်ချမှတ်ခံရတဲ့ အညတြသူရဲကောင်းဆုရှင် သန်လျင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုသန်းဇော်နှင့် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု
အတွက် ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါတယ်..။
သတင်း .. ဒီမိုဝေယံ
တရုတ်လုံခြုံရေးဝန်ကြီးရဲ့ ရွှေတြိဂံခရီး
~
တရုတ် ပြည်သူ့ လုံခြုံရေး ၀န်ကြီး Meng Jianzhu ဟာ မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံကို ဒီရက်ပိုင်းအတွင်း သွားရောက်မယ်လို့ သိရပါတယ်။
သူဟာ နိုင်ငံတော်ကောင်စီဝင်တယောက်လည်း ဖြစ်ပါတယ်။
အောက်တိုဘာလတုန်းက ပီကင်းမှာ ပြည်ထဲရေး ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာ အကြောင်းအရာတွေ ဆွေးနွေးခဲ့တာပါ။
ဒုဗိုလ်ချုပ်ကြီး ကိုကိုနဲ့ Meng Jianzhu
Meng Jianzhu (ဓာတ်ပုံ - ရန်ကုန်မြို့ တရုတ်သံရုံး)
အဲဒီဆွေးနွေးမှုတွေအပြီး လအတန်ကြာမှာ ရွှေတြိဂံနိုင်ငံ လုံခြုံရေးအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာပြီး တာချီလိတ်မြို့နားမှာ မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့နောက်လိုက်တွေကို နှိပ်ကွပ်နိုင်ခဲ့ပါတယ်။
နော်ခမ်းတို့ကို စစ်ဆင်အပြီးမှာ Meng Jianzhu တယောက် ရွှေတြိဂံနိုင်ငံတွေကို သွားရောက်မယ် ဆိုတဲ့သတင်း ထွက်ပေါ်လာတာပါ။
သူဟာ မြန်မာအာဏာပိုင်တို့နဲ့ တနင်္လာနေ့မှာ တွေ့ဆုံမှာပါ။
သတင်းတွေအရ ဆိုရင် သူဟာ တရုတ်ပြည်တွင်းလုံခြုံရေးကိစ္စရပ်များအတွက် အဓိက တာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။
ပါကစ္စတန်-တရုတ် နယ်စပ်ဒေသ လုံခြုံရေးလုပ်ငန်းများအတွက် ပါကစ္စတန်နိုင်ငံကိုလည်း သွားရောက်ဆွေးနွေးခဲ့သူပါ။
အခုတော့ ရွှေတြိဂံဒေသ အာဏာပိုင်တို့နဲ့ တွေ့နေရပြန်ပါပြီ။
ရွှေတြိဂံဒေသဟာ တရုတ်ပြည်ထဲကို မူးယစ်ဆေးတွေ တင်ပို့တဲ့ လမ်းကြောင်းတခု ဖြစ်နေရုံတင်မကပါဘူး၊ မကြာသေးခင်က ဒီဒေသ မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသားတွေ သတ်ဖြတ်ခံခဲ့ရပါသေးတယ်။ ဒါကြောင့်လည်း ဒီဒေသ လုံခြုံရေးဆိုင်ရာအတွက် အိမ်နီးချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေရတာ ဖြစ်ပါတယ်။
အမျိုးအားနဲ့ နိုးကြားကြလော့
အမျိုးအားနဲ့ နိုးကြားကြလော့
ကမ္ဘာမှာ ဗမာရယ်လို့
ထယ်ဝါတဲ့ပုံရုပ်
မြင့်မြတ်တဲ့ဂုဏ်ပုဒ်ကို
ဖေါ်ထုတ်လိုက်တဲ့…ဦးသန့်…။
အညံ့မခံ အရှုံးမပေး
ငြိမ်းချမ်းရေးနိုဗဲဆု
ဘယ်သူတုတု အတုမရှိ
ဂုဏ်ပြုမိတဲ့…အမေစု…။
ယခုတစ်ခါ
မြန်မာနိုင်ပြီ
၅-ကြိမ်မြောက်အာရှအိုလံပစ်ဘော်လုံးပွဲဆီ
တိုင်းပြည်ရဲ့ အရေးတရပ်
ပေးအပ်တဲ့တာဝန် ကျေပွန်ခဲ့ပြီ….။
ယနေ့မှစ နလံမထ
နာတာရှည်ဘ၀က
အမှန်ကုန်းကွ ရုန်းထနိုင်သည်သာမက
တကမ္ဘာလုံးက ချီးမွမ်းကြလေပြီ….။
ကမ္ဘာအလယ်… တင့်တယ်မြင့်မား
ဝင့်ကြွားနိုင်အောင် မောင်မယ်ငါတို့
ကြိုးစားစို့….။
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း
မလွတ်စတမ်း ဆွတ်မြန်းနိုင်အောင်
ဂုဏ်ရောင်မညှိုးတဲ့ အမျိုးအားနဲ့
နိုးကြားကြလော့….. ထလော့မြန်မာ
မြန်မာထလော့….။
တက္ကသိုလ်ဘုန်းကြွယ (ဇူလိုင် ၄ ၂၀၁၂)
“အတိုက်အခံဆိုတာတချိန်မှာအစိုးရဖြစ်နိုင်တယ်ဆိုတာသတိပြုမိဖို့လိုတယ်၊ တသက်လုံးအတိုက်အခံဖြစ်မနေဘူး”
ဆောင်းပါးရှင်  ဦးထွန်းအောင်ကျော် 
 မြေခွေးတွင်းသို့ဝင်ခြင်း ( Enter the Fox Den)
မေလ (၂) ရက်နေ့ ၂၀၁၂ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာနဂိုတောင်း ဆိုနေတဲ့ “၂၀၀၈အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်” ဆိုတဲ့အစား၊”လေးစားလိုက်နာပါ့မယ်”လို့ ပြောင်းပေးဘို့ တောင်းဆိုတာကိုရုပ်သိမ်းပြီး မူလ (၂၀၀၈) အခြေခံဥပဒေမှာ ရေးသားထားတဲ့အတိုင်း ဂတိသစ္စာပြုပြီး လွှတ်တော်ကိုတက် ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့ပါတီကိုပြည်သူတွေကဝက်ဝက်ကွဲမဲပေးခဲ့ကြတာအထူးပြောစရာလိုမယ်မထင်ပါဘူး။ မြန်မာနိုင်ငံမှာစစ်အုပ်ချုပ်ရေးကနေ အ ရပ်သားအစိုးရအဖြစ်ကိုပြောင်းလဲခဲ့တာ (၂) ကြိမ်ရှိပါပြီ။  ပထမအကြိမ်ကတော့ တော်လှန်ရေးကောင်စီဦးစီးရေးဆွဲခဲ့တဲ့ (၁၉၇၄) အခြေခံဥပဒေကို အသက်သွင်းပြီး မဆလပါတီတခုတည်းသာ ရှင်သန်ခွင့်ပေးတဲ့အရပ်သားအစိုးရကိုဖွဲ့စည်းခဲ့ခြင်းဘဲဖြစ်ပါတယ်။  အဲဒီမဆလပါတီဟာလဲ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေအားလုံးလိုလို အရပ်ဝတ်ပြောင်းပြီး အာဏာကိုဆက်လက်ရယူခဲ့ကြတာမို့ကုလားကြီးနဲ့အရာကြီးသဘောမျိုးသာဖြစ်လို့ ပြည်သူတွေ သိသိကြီးနဲ့သေနတ်မိုးထားလို့ခံခဲ့ကြရတာပါ။ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်းဖြစ်တာကလွဲလို့အုပ်ချုပ်မှု၊ ဖိနှိပ်မှုတွေမပြောင်းလဲခဲ့ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးပေါ်လာမှ ပါတီစုံသွားမလား? တပါတီစံနစ်ဘဲသွားမလား ? ဆိုတာကို မမေးချင်မေးချင်ထုတ်ပြောလာရတာအများအသိ။
ငြိမ်ပိ တဖြစ်လဲ နအဖလက်ထက်မှာလဲ ဦးနေဝင်းနည်းတူ ဗိုလ်ချုပ်သန်းရွှေကသူ့စိတ်ကြိုက် (၂၀၀၈) အခြေခံဥပဒေ ကိုရေးဆွဲပြီး အတည်ပြုခဲ့ပြန်ပါတယ်။ (၂၀၀၈) အခြေခံဥပဒေကို (၁၉၉၃) ခုနှစ်လောက်ကစပြီး အမည်ခံအမျိုးသားညီလာခံကနေ စစ်တပ်ရွေးချယ်ထားတဲ့ လူတွေနဲ့စိတ်ကြိုက်ကိုယ်လိုသလိုရေးဆွဲ၊ စစ်တပ်ရဲ့သြဇာကိုနိုင်ငံရေးအပေါ် လွှမ်းမိုးပြီး အတင်းအကြပ် ပြည်သူတွေကိုချိမ်းခြောက်အတည်ပြုခဲ့တာပါ။ အခြေခံဥပဒေတခုရေးဆွဲရာမှာပြည်သူ့အကျိုးအတွက် အချိန်ယူရေးဆွဲဒါမျိုးဟာ သဘာဝကျလို့ လက်ခံနိုင်ပေမဲ့ ပြည်သူ့အပေါ်စစ်အာဏာစက်လွှမ်းမိုး နိုင်ဖို့အချိန်ယူပြီး (၁၅) နှစ်ကြာရေးဆွဲခဲ့တာဟာသမိုင်းအမဲစက်တခုဖြစ်ပါတယ်။
ဒီအခြေခံဥပဒေအရရွေးကောက်ပွဲပြုလုပ်တဲ့အခါမှာလဲ အတိုက်အခံပါတီတွေကိုဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးလုပ်ပြီး နောက်ဆုံးမဲရှုံးတဲ့နေရာတွေမှာ ကြိုတင်မဲ ဆိုတာတွေနဲ့ညစ်ပတ်အနိုင်ယူခဲ့တာအများအသိပါ။ ဘာဘဲဖြစ်ဖြစ် မြန်မာလူမျိုးတွေဟာအကောင်းကိုမြင်တဲ့လူမျိုးတွေဖြစ်လို့၊ ဦးသိန်းစိန်သမတအဖြစ် ကျမ်းကျိန်ပြီး တက်လာတဲ့အခါ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာတာကိုတွေ့ရတော့ဝမ်းသာအားရနဲ့အားပေးခဲ့ကြပါတယ်။
ဒီလိုအားပေးတဲ့သူတွေထဲမှာဒေါ်အောင်ဆန်းစုကြည်လဲပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဦးသိန်းစိန်ကို သူမ အနေနဲ့ယုံကြည်ကြောင်း အတိအလင်းပြောကြားခဲ့ပါတယ်။ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့လက်တွဲပြီးလုပ်နိုင်ဘို့မှာ ပထမယုံကြည်မှုကိုတည်ဆောက်ယူရမှာဖြစ်ပါတယ်။  ယုံကြည်မှု မရှိဘဲ ဘယ်လိုမှ တဦးနဲ့တဦးလက်တွဲလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ဒေါ်စုမြေခွေးတွင်း (လွှတ်တော်) ထဲကို စွန့်ပြီးဝင်သွားတာဖြစ်ပါတယ်။
လွှတ်တော်ထဲမှာ ကြံဖွတ်အမတ်မြေခွေးအုပ်ကြီးနဲ့ မကြာခင်ကအခွင့်ထူးခံ၊ ရာထူးပိုကြီးတဲ့စစ်တပ်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်တွေနဲ့အစားထိုးလိုက်တဲ့ ဝံပုလွေ (၂၅) ရာခိုင်နှုန်း အုပ်ကလဲရှိနေပါတယ်။ ဒီအုပ်ကြီးနှစ်အုပ်စုဟာပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်တွေက လွှတ်တော်တွင်းမှာ ဒီမိုကရေစီနည်းကျပြုပြင် ပြောင်းလဲမှုတွေကို တင်လာခဲ့ရင်ရိုက်ချဘို့တာစူနေကြတာဖြစ်ချင်ဖြစ်မယ်။ သူတို့အကျိုးစီးပွါးကိုထိခိုက်မယ်လို့ မြင်တဲ့ဘယ်ပြောင်းလဲမှုမျိုးကိုမဆို တိုင်းပြည်ဘယ်လောက်ဘဲအကျိုးရှိရှိ အစည်းအဝေးကြမ်းခင်းပေါ် မရောက်ခင်ကတည်းက လွှတ်တော်ဥက္ကဌကနေ ပယ်ချကောင်းပယ်ချနိုင်ပါတယ်။
အခုဒေါ်အောင်ဆန်းစုကြည် တို့လွှတ်တော်ထဲကိုရောက်လာပြီးမရှေ့မနှောင်း ဒုသမ္မတဦးတင်အောင်မြင်ဦးနှုတ် ထွက်လွှာတင်တဲ့သတင်းထွက်လို့ လာပါတယ်။ ဒါဟာတိုက်ဆိုင်မှုလား? နအဖရဲ့ကြိုတင်ချထားတဲ့ကျားကွက်လား? အားလုံး စဉ်းစားဖို့လိုပါတယ်။
တင်အောင်မြင့်ဦးဟာ တင်းမာသောအုပ်စုမှဖြစ်လို့ ဒီလိုတင်းမာရေးလမ်းစဉ်လိုက်နေသူနှုတ်ထွက်သွားခြင်းဟာ အလယ်အလတ်လမ်းစဉ်သမား ဦးသိန်းစိန်တို့အုပ်စုအနိုင်ရ အားကောင်းလာတာဖြစ်တယ်။ မြန်မာပြည်တိုးတက်ရေးအတွက် ကောင်းတဲ့နမိတ်လက္ခဏာဘဲလို့ ယူဆသူတွေ၊ အကောင်းမြင်ဝါဒသမားတွေကဆိုကြပါတယ်။ ဒေါ်စုကိုဒုသမ္မတနေရာပေးချင်ပေးမယ်လို့လဲယူဆသူတွေရှိပါတယ်၊ ဒါမှမဟုတ်လဲ ဝန်ကြီးနေရာ တနေရာပေး ချင်ပေးမယ်လို့ထင်ကြေးပေးကြသူတွေပေးကြပါတယ်။ စစ်အာဏာမလျှော့ကျရေးအတွက်ကျားကွက်ရွေ့သလို အကွက်ချပြီးကစား နေတာလား? တိုင်းပြည်ကြီးကမ္ဘာ့အလယ်မှာ ဆင်းရဲမွဲတေနေတာကိုမကြည့်ရက်လို့ ကိုယ့်လူမျိုးတွေနိုင်ငံတကာမှာမျက်နှာငယ်ငယ်နဲ့ အလုပ်သမားတွေ အဖြစ်၊ အိမ်စေတွေအဖြစ်သွားလုပ်နေရတာကို တွေ့မြင်ရတဲ့အခါယူကြုံးမရဖြစ်ပြီး ငါ့တိုင်းပြည်နဲ့လူမျိုးတွေကို ငါတို့ကယ်တင်မှရမယ်ဆိုတဲ့စိတ်နဲ့ တကယ် ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တာလားမဝေးတော့တဲ့အနာဂါတ်မှာကျွန်တော်တို့တတွေအဖြေရှာနိုင်တော့မှာဖြစ်ပါတယ်။
ဦးသိန်းစိန်ဟာအမှန်တကယ်စိတ်ရင်းမှန်သူဖြစ်ပြီး တိုင်းပြည်ကောင်းစားတာကိုမြင်ချင်တဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုအစိုးရ နဲ့တွဲလုပ်ရန် ကမ်းလှမ်းခဲ့တယ် လုပ်ပိုင်ခွင့်ပေးခဲ့မယ်ဆိုရင်မျိုးချစ်စိတ်စေတနာအရင်းခံကြောင့် မြန်မာနိုင်ငံကြီးတွင်းရှိ ပြည်သူအားလုံးအတွက် ကျဆုံးခဲ့ရသော ဂုဏ်သိက္ခာများကိုပြန်လည်ဆယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားကိုယူပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ကျန်းမာရေး နဲ့ပညာရေးတွေမှာ ထိထိရောက်ရောက် ပြည်တွင်းပြည်ပအင်အားစုတွေရဲ့ အကူအညီကိုရယူပြီးပူးပေါင်းလုပ်ကြမယ်ဆိုရင် အတိုက်အခံ၊ စစ်အုပ်စုဆိုတဲ့ အမြင်တွေ ပျောက်ကွယ်ပြီး အမျိုးသားရင်ကြားစေ့ရေးကို လက်တွေ့ကျကျလုပ်နိုင်မှာဖြစ်တယ်၊ လွတ်လပ်ရေးရစကနေ ၊ ပြည်တွင်းစစ်ကြောင့် နှစ် (၆၀) အတွင်း ယနေ့အထိ ပြည်သူသန်းနဲ့ချီပြီး သေဆုံးခဲ့ရသလို၊ မြန်မာပြည်သူတွေကို ဆင်းရဲတွင်းပို့နေတဲ့ဒီပြည်တွင်းစစ်ကိုလဲအမြန်ဆုံး ငြိမ်းသတ်နိုင်မှာဖြစ်တယ်။
ဦးသိန်းစိန်အစိုးရအနေနဲ့ မကြောက်မရွံဘဲပြည်သူတွေရဲ့အခွင့်အရေးတွေကိုရဲရဲတင်းတင်းဖွင့်ပေးခြင်း၊ ပုဂ္ဂလိကပိုင်သတင်းစာထုတ်ဝေခွင့်အပါအဝင် သတင်းလွတ်လပ်ခွင့်များကိုကမ္ဘာ စံချိန်မှီခွင့်ပြုခြင်း၊ လူ့လွတ်လပ်ခွင့်ချိုး ဖေါက်သူမှန်သမျှကိုကြောသား၊ ရင်သားမခွဲခြားဘဲ ထိထိရောက်ရောက် အရေးယူခြင်းဖြင့်တရားဥပဒေစိုးမိုးရေး ကိုတည်ဆောက်ခြင်းဖြင့်ပြည်သူများ၏ယုံကြည်ကိုးစားမှုကိုရယူမယူစောင့်ကြည့်ရပေမည်။
ထို့ပြင် ခရိုနီများလက်ဝါးကြီးအုပ် မတန်တဆဈေးတင်ထားသောတယ်လီဖုံးဈေးကွက်၊ ဟော်တယ်လုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ လယ်ယာမြေ မတရားသိမ်းယူမှုများကိုတရားမျှတမှုရှိစေရန်လူတိုင်း တရားမျှတစွာလွတ်လပ်စွာယှဉ်ပြိုင်နိုင်ခွင့်၊ ထုတ်လုပ်ခွင့်တို့ကိုဖန်တီးပေးရမည်။ ကြိုးနီစံနစ် မထားရှိဘဲ သမ္မတမှတိုက်ရိုက် ခန့်ထားဖွဲ့စည်းပေးသော “အထူးစစ်ဆေးတိုက်ရိုက်ဆုံးဖြတ်ရေးဌာန” SIDDB(Special Investigation and Direct Decision Branch)ကိုဖန်တီး၍ထိုဌာနမှညွှန်ကြားရေးမှူးကအခင်းဖြစ် ရာသို့တိုက်ရိုက်သွားရောက် ဖြေရှင်းစေခြင်းဖြင့် မသမာမှုများ၊ ကြားခံ လာဒ်ပေးလာဒ်ယူမှုများ လက်တွေ့ကွင်းဆင်း ဖြေရှင်းဖြင့်အချိန် ကြာမှု၊ နှင့်ကြိုးနီစံနစ်တို့ကိုတားဆီး နိုင်ပေလိမ့်မည်။
ယနေ့လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးလုံလောက်စွာရရှိရေး လှုပ်ရှားမှုသည်မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်းထဲမှတခုဖြစ်သည်။ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်း (၃) ချက်ရှိသည်။
၁။ စစ်အာဏာရှင်စံနစ်သက်ဇိုးရှည်ခဲ့ခြင်းကြောင့်လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည်။
 လူ့အခွင့်အရေးဆုံးရှုံးခဲ့ခြင်းကြောင့် မတရားဥပဒေများကြီးစိုးလာခဲ့ ရသည်။ ထို့ကြောင့်ခရိုနီစီးပွါးရေးထွန်းကား လာပြီးလက်တဆုပ်စာလူတစုနှင့် ဗိုလ်ချုပ်များသာချမ်းသာလာခဲ့ပြီး ပြည်သူလူထုကြီးတရပ်လုံး ကုန်းကောက် စရာမရှိဆင်းရဲမွဲတေသွားခဲ့ရသည်။ သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များအတိုင်း အဆမရှိဆုံးရှုံး ခဲ့ရသည်။ ဆင်းရဲချမ်းသာကွာဟမှုမှာ မယုံကြည်နိုင်စရာအထိမိုးနဲ့မြေပမာကွာခြားသွားခဲ့ရသည်။
၂။ ပြည်တွင်းစစ်အဆုံးမသတ်နိုင်ခြင်းသည် တချက်။
ပြည်တွင်းစစ်ကြောင့်တန်ဖိုးမဖြတ်နိုင်သောလူ့အသက်သိန်းသန်းချီပြီးဆုံးရှုံးခဲ့ရသည့်အတွက်လူသားရင်းမြစ်များယုတ်လျော့ရော့နည်းသွားခဲ့ရသည်။ လူ့အသက်သာမကအိုးအိမ်တိုက်တာအဆောက်အအုံများပါနှစ်ပေါင်း (၆၀) အတွင်း ပျက်စီးခဲ့မှုများအားလုံးသည် ဘီလီယံနှင့်ချီ၍ရှိသည်။ ပြည်တွင်း စစ်ကြောင့်စီးပွါးရေးကောင်းကောင်းမလုပ်နိုင်သဖြင့် တိုင်းပြည်မွဲတေလာခဲ့ရသည်။
၃။လျှပ်စစ်မီးလုံလောက်စွာမရသဖြင့်ပြည်တွင်းထုတ်ကုန်ထုတ်လုပ်သောစက်ရုံများမလည်ပတ်နိုင်ခြင်းသည်တချက်။
တိုင်းပြည်တိုးတက်ဖွံဖြိုးရန်မှာစက်မှုလက်မှုတိုးတက်ဖွံဖြိုးဖို့လိုအပ်သည်။ စက်မှုလက်မှုတိုးတက်ဖွံဖြိုးရန်အတွက် လျှပ်စစ်ဓါတ်လုံလောက်စွာရဖို့ လိုသည်။ လျှပ်စစ်မီးလုံလောက်အောင်မရရှိသောနိုင်ငံသည် ဘယ်တော့မှတိုးတက်ဖွံဖြိုးမှုရနိုင်မည်မဟုတ်ချေ။ စစ်အစိုးရမှလျှပ်စစ်ထုတ်လုပ်မှုကို ပြည်တွင်းသုံးစွဲမှုထက်ပြည်ပသို့ရောင်းချ၍ မိမိအိတ်ထဲနိုင်ငံခြားငွေထည့်ရန်သာ စိတ်ဝင်စားခဲ့ကြသည့်အတွက်ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုး မှု မရှိဘဲရရစားစား အသေးစားလုပ်ငန်းရှင်လေးများဘဝမှမတက်နိုင်ဘဲရှိသဖြင့်ပြည်တွင်းလိုအပ် ချက်ကိုပြည်ပမှသာအဓိကတင်သွင်းရသဖြင့်ပြည်တွင်းမှ ကုန်ကြမ်းများဈေးပေါ်ပေါ်ဖြင့်ထွက်သွားပြီးပြည်ပမှ ကုန်ချောများ ဈေးကြီးဖြင့်ဝင်ရောက်လာပြီး တိုင်းပြည်လိုငွေပြပြီး ကြွေးလည်ပင်းခိုက်လာသည်မှာ အဆန်းမဟုတ်ချေ။ ထို့ကြောင့်စီးပွါးရေးရင်းနှီးမြှုပ်နှံမှုများမှာ ဒေါ်စုပြောသကဲ့သို့ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိအောင်အလေးထားသော၊ အလုပ်သမားများ ရပိုင်ခွင့်ခံစားပိုင်ခွင့်တို့ကိုလေးစားလိုက်နာသော၊ပြည်တွင်းကုန်ချောထုတ်လုပ်သော စက်ရုံအလုပ်ရုံများရင်းနှီးမြှုပ်နှံနိုင်လာလျှင် ပြည်သူတို့အလုပ်အကိုင် များ ရရှိလာပြီးစီးပွါးရေးချောင်လည်လာကြမည်ဖြစ်သည်။
သို့ရာတွင် တချို့ကဦးသိန်းစိန်အစိုးရသည်အမှန်တကယ်ပြုပြင်ပြောင်းလဲရေးထက်၊ စစ်တပ်လက်ဝါးကြီးအုပ်ထားမှုကို အချိန်ဆွဲနိုင်သမျှဆွဲထား နိုင်ရေးကို ဦးတည်၍အပေါ်ယံပြောင်းလဲမှုတို့ကိုပြုလုပ်နေခြင်း (Superficial Change) ဟုဝေဖန် သုံးသပ်ကြသည်။ ထိုသူတို့ထံတွင်လည်း သံသယဖြစ်လောက်သည့် ထောက်ပြချက်များကရှိနေခဲ့သည်။ လွှတ်တော်အတွင်း ကိုယ်စားလှယ်များ မိမိတင်ပြဆွေးနွေးလိုသည်ကို လွှတ်တော် ဥက္ကဌထံတင်ပြ၍ဥက္ကဌကခွင့်ပြုမှသာ ဆွေးနွေးခွင့်ရှိသည်မှာ လွှတ်တော်တွင်းတွင်ပင်အများက သင့်တော်သည်ဆွေးနွေးသင့်သည်၊ မဆွေးနွေးသင့် ဆိုသည့် ဆုံးဖြတ်ခွင့်ကိုပေးမထားဘဲ လွှတ်တော်ဥက္ကဌတဦးတည်းကသာ ဦးစွာဆုံးဖြတ်ခွင့်ကိုယူထားသည်ဟုထောက်ပြခြင်း။ (၈၈) မျိုးဆက် ခေါင်းဆောင်များ၏ ပြည်ပထွက်ခွင့်ပတ်စပို့ကို ထုတ်မပေးဘဲထားခြင်းနှင့်ပြည်ပ ရောက်စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို သမ္မတက ပြန်လာကြပါဟုနှစ်ကြိမ်ထုတ်ဖေါ်ပြောကြားခဲ့သော်လည်း တကယ်တန်းသွားရောက်လည်ပတ်ရန်လျှောက်ထားသူများကိုဗီဇာထုတ်မပေးခြင်းအပြင် သံအမတ်ကြီးထံသို့ အစိုးရဆန့်ကျင်ရေးမလုပ်ခဲ့ဘူးကြောင်း၊ ပြည်တွင်းရောက်လျှင်နိုင်ငံရေးလုပ်နေသူ များကိုတွေ့ဆုံခြင်းအားပေးခြင်း မပြုလုပ်ပါဟု ဝန်ခံလက်မှတ်ရေးထိုးရမည်ဆိုသည်မှာ လက်တွေ့တွင်အပြောနှင့်အလုပ်မညီကြောင်းထောက်ပြကြသည်။
အဓိကထောက်ပြချက်မှာနိုင်ငံရေးအကျဉ်းသားများအားလုံးကိုလွှတ်မပေးဘဲ တချို့တဝက်ကိုသာလွှတ်ပေးပြီး (၄၀၀) နီးပါးကို ဆက်လက်ဖမ်းဆီးထား ခြင်းနှင့် မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဟု အစိုးကိုယ်တိုင်က စစ်အုပ်ချုပ်ရေးကာလအာဏာပိုင်များအသုံးအနှုန်းအတိုင်း ပြောကြား၍ နိုင်ငံရေးအကျဉ်းသားများရှိခြင်းကို ဗြောင်ငြင်းပယ်ခဲ့ခြင်းကြောင့် ဦးသိန်းစိန်အစိုးရကိုယုံကြည်ရန်ခက်စေခဲ့သည်။
ထို့ပြင် သတင်းလွတ်လပ်ခွင့်ကို လျော့ပေးသည်ဆိုသော်လည်း ဆင်ဆာရှိနေသေးသည့်အပြင် ပြည်သူသန်း (၆၀) အတွက်သတင်းစာ (၄) စောင်သာရှိနေပြီး ထိုဖြန့်ချီနေသောသတင်းစာများမှာလည်း အစိုးရပိုင်သတင်းစာများဖြစ်သည့်အပြင် ဝါဒဖြန့်သတင်းများသာ (၁၉၆၃) ခုနှစ်မှ စ၍ယနေ့အထိ လွှမ်းမိုးနေခဲ့သည်။
ပြည်သူများကို သတင်းမှန်ဖြန့်ချီသည့် ပုဂ္ဂလိကသတင်းစာများထုတ်ဝေနိုင်မှုကို ယနေ့အထိမပေးသေးဘဲထားခြင်းကြောင့် လက်ရှိအစိုးရကို အမှန် တရားကိုဖုံးကွယ်လိုသောစိတ်ရှိနေသည် ဟုမြင်ကြသည်။ သို့ရာတွင်မကြာသေးမှီက ပြည်သူပိုင်သတင်းစာများ အရည်အသွေးမြှင့်တင်ရန် ဆွေးနွေးပွဲ လုပ်သည့်အကြောင်းကို ဖတ်လိုက်ရသည်။ ပါဝင်ဆွေးနွေးကြသူများကနိုင်ငံပိုင်သတင်းစာများ၏ အရည်အသွေးသည် ကျဆင်းလျက်ရှိပြီး အစိုးရသတင်းစာများတွင် ပြည်သူစိတ်မဝင်စားသည့်နိုင်ငံအကြီးအကဲများ ဖဲကြိုးဖြတ်နေပုံ၊ ခရီးလှည့်လည်နေပုံများကို နေ့တဓူဝဖေါ်ပြနေခြင်းကို ဖြုတ်သင့်ကြောင်း၊ ပြည်သူလူထုစိတ်ဝင်စားမည့်သတင်းများကိုပို၍ထည့် ခြင်းဖြင့်အရည်အသွေးကိုမြှင့်တင်သင့်ကြောင်း။ ထို့ပြင် တချိန်ချိန်တွင် ပေါ်လာမည့်ပုဂ္ဂလိကသတင်းစာများကို ယှဉ်နိုင်ရန်ယခုကထည်းကစဉ်းစားပြုပြင်ရမည့်အကြောင်းဆွေးနွေးချက်သည်၊ မကြာခင်ကာလတွင်သတင်းစာ လွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်ရတော့မည်လောဆိုသည့်အတွေးကိုဝင်ရောက်လာစေသည်။ တဖက်တွင်လည်း ပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်း တင်းကြပ်မှုကို လျော့ပေးမည်ဟုပြောကြားသော်လည်း သတင်းစာထုတ်ဝေခွင့်ကိုနှာစေးနေခဲ့သည်။ မည်သို့ဆိုစေ လက်ရှိအစိုးရမှ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေမှုကိုချက်ချင်းခွင့်ပြုလုပ်လိမ့်ဦးမည်မဟုတ်ချေ၊ ယနေ့အခြေအနေအတိုင်း ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ကိုပေးလိုက်ပါက အစိုးရပိုင် သတင်းစာများဖတ်သူမရှိသည့်ကိန်းမုချဆိုက်ပြီး နှစ်မကူးခင်ပြုတ်နိုင်သဖြင့်အစိုးရသတင်းစာများ၏ဝါဒဖြန့် သတင်းစာဘဝမှခေတ်နှင့်လျှော်ညီသော ပုံစံပြောင်းပြီး ပုဂ္ဂလိကသတင်းစာများကိုယှဉ်ပြိုင်နိုင်ရန်ကြိုတင်ပြင် ဆင်နေ ကြောင်းထင်ရှားသည်။
လက်ရှိအုပ်ချုပ်သူများထဲမှတချို့သည် တလမ်းသွားအတွေးအခေါ်ဖြင့်ရှင်သန်ကြီးထွားလာသူများဖြစ်ကြသည်။ အရာရာကိုအာဏာသုံး၍ ဆုံးဖြတ် တတ်သော ညဉ်ဆိုးသည်အရိုးစွဲနေခဲ့သည်။ ပြည်သူကိုဂရုစိုက်စရာမလိုငါသိတယ်ငါတတ်တယ်၊ ဘယ်သူ့မှတိုင်ပင်စရာမလိုဆိုသည့်အစွဲရှိသည်။ ဥပမာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးဇော်မင်း၏ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သော ပြောကြားမှုသည် ထိုစရိုက်ရှိသူများ၏ အကျင့်စရိုက်ကို လှစ်ဟ ပြလိုက်ခြင်းပင်ဖြစ်သည်။ ဘယ်လိုအမျှော်အမြင်နဲ့ဘယ်လိုအတွေးအခေါ်နဲ့များ ဝန်ကြီးဖြစ်လာသူလဲဆိုသည်က တွေးစရာဖြစ်သလိုတိုင်းပြည်အတွက် အထူးရင်လေးစရာဖြစ်သည်။ နိုင်ငံပိုင်သတင်းစာကို အစိုးရပိုင်သတင်းစာအဖြစ်သတ်မှတ်အသုံးပြုနေမှုသည် တလမ်းသွားအတွေးအခေါ်အကျင့်အကြံပင် ဖြစ်သည်။ တသက်လုံးဒီသတင်းစာတွေကို ငါတို့ပါတီအကျိုးအတွက်၊ ငါတို့အာဏာရရေးအတွက်၊ ငါတို့ဝါဒဖြန့်ချီရေးအတွက် အသုံးပြုမယ်ဆိုသည့် အတွေးအခေါ်သည် အာဏာရှင်ခေတ်ကအတွေးအခေါ်ဖြစ်သည်။ ယနေ့အထိ အာဏာရှင်ခေတ်ကအမူအကျင့်ကို မဖြောက်နိုင်ကြအတိုက်အခံသည် အစိုးရဖြစ်လာနိုင်သည် ဆိုသည့်အတွေးအခေါ်မရှိသည်လား? အတိုက်အခံကို ရှိယုံသာထားပေးပြီး ငါတို့ဘဲလက်ပြောင်းလက်လဲနဲ့ အာဏာဆက်ယူသွားမည်လားဆိုသည်ကိုစောင့်ကြည့်ရပေမည်။ မှန်မှန်ကန်ကန်သုံးသပ်ရလျှင် အစိုးရပိုင်သတင်းစာဆိုသည်မှာ ဒီမိုကရေစီနိုင်ငံတခုတွင် မရှိသင့်သောအရာတခုဖြစ်သည်။ ပုဂ္ဂလိကပိုင်နှင့်နိုင်ငံရေးပါတီပိုင်သတင်းစာများရှိခြင်းသည် အဓိပ္ပါယ်ရှိသည်။ နိုင်ငံရေးပါတီများက မိမိတို့ပါတီမူဝါဒ သဘောထားများကိုပြည်သူသို့ချပြဆွေးနွေးခြင်း၊ ပြည်သူလူထု၏ထောက်ခံမှုကို ရယူခြင်းတို့သည်နိုင်ငံရေးပါတီများလုပ်ရမည့်အလုပ်ဖြစ်သည်။ အစိုးရ အလုပ်မဟုတ်။ အစိုးရအလုပ်သည် မိမိမူဝါဒများကိုသတင်းစာဆရာများသို့တင်ပြ၍ ထိုသတင်းစာဆရာများကနေ ပြည်သူသို့တဆင့်တင် ပြပေးခြင်းသာဖြစ်သည်၊ ကိုယ်ပိုင်သတင်းစာမလို အဘယ့်ကြောင့်ဆိုသော် အစိုးရဟူသည် ရွေးကောက်ပွဲတွင် အနိုင်ရသည့်ပါတီကဖွဲ့စည်းရခြင်း ဖြစ်သဖြင့် ပါတီတခုသည် ရာသက်ပန်အာဏာစွဲကိုင်ထား၍ မရနိုင်ချေ၊ ရသည်ဆိုလျှင် ထိုနိုင်ငံသည် ဒီမိုကရေစီနိုင်ငံမဟုတ်ချေ အာဏာရှင်နိုင်ငံသာ ဖြစ်ပေမည်။  မြန်မာနိုင်ငံတွင်အစိုးရပိုင်သတင်းစာသည် အနိုင်ရပါတီ၏သတင်းစာဖြစ်နေသည်၊ နိုင်ငံပိုင်သတင်းစာမှ ဘက်လိုက်၍အတိုက်အခံပါတီနှင့် ထိုပါတီခေါင်းဆောင်များကို ဝေဖန်ခြင်း၊ တိုက်ခိုက်ခြင်းတို့ကိုဗြောင်လုပ်လျက်ရှိသည်။ အတိုက်အခံပါတီအနိုင်ရပါက ထိုသတင်းစာသည် အတိုက်အခံပါတီကသုံးစွဲရမည့်သဘောရှိသည်။ သတင်းစာဟူသည် အာဏာရလာသောနိုင်ငံရေးပါတီများက တယောက်တလှည့်မောင်ပိုင်စီးပြီး မိမိတို့အကျိုးအတွက်မူဝါဒဖြန့်ချီရေးလုပ်ခွင့်ပေးသောစံနစ်သည် ဒီမိုကရေစီကျင့်စဉ်နှင့်လုံးဝဖီလာဖြစ်နေပေသည်။ မူလသတင်းစာချုပ်ကိုင်ထားသူများ အားလုံးဖယ်ရှားပစ်ရမည့်သဘောရှိသည်။ ထို့ကြောင့် ယနေ့မြန်မာနိုင်ငံရှိ နိုင်ငံပိုင်သတင်းစာ၎စောင်လုံးကိုပုဂ္ဂလိကပိုင်ပြောင်းလဲရေးနှင့် ပုဂ္ဂလိကပိုင်သတင်းစာထုတ်ဝေမှုကိုခွင့်ပြုမည်ဆိုလျှင် (၂၀၁၅) ရွေးကောက်ပွဲသည် တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် အတော်အတန် ကြိမ်းသေပြီဟု ပြောလို့ရနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက (၂၀၁၀) ကဲ့သို့ မဲလိမ်မဲခိုးမှုများနှင့်သာပြည့်နှက်နေပေလိမ့်မည်။ အမှန်တရားကိုထုတ်ပြောနိုင်သော၊ ဖွင့်ချနိုင်သောလွတ်လပ်သောသတင်းစာများမထွက်ပေါ်သေးသမျှ အမှန်တရားများကို မသမာမှုဖြင့် ပိတ်ပင်တားစီး မှုများက ရှိနေမည်သာဖြစ်သည်။ တရားဥပဒေစိုးမိုးမှုဆိုသည်ကလည်း စာအုပ်ထဲတွင်းသာ ဖတ်ကောင်းသည့်အဆင့်ရှိနေပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်ကပါရီမြို့အမေးအဖြေတွင် ဖြေကြားသွားခဲ့ရာတွင် “အတိုက်အခံဆိုတာတချိန်မှာအစိုးရဖြစ်နိုင်တယ်ဆိုတာသတိပြုမိဖို့လိုတယ်၊ တသက်လုံးအတိုက်အခံဖြစ်မနေဘူး” ဆိုသည့်စကားသည်အားလုံးသတိချပ်သင့်သည့်စကားဖြစ်သည်။ အထူးသဖြင့် တိုင်းပြည်အာဏာကိုရယူထား သောစစ်တပ်၊ ကြံဖွံ့ပါတီနှင့် စစ်ဗိုလ်ချုပ်များအထူးစဉ်းစားရမည့်အချက်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကမဲရှုးံ၍ အတိုက်အခံဘဝရောက်လျှင် လက်ဝါးကြီးအုပ်ရယူထားသောအခွင့်အရေးများကို မဲအနိုင်ရသောပါတီကယူသွားပေမည်။ ထိုအခါကျမှ မတရားပါဘူးဟုပြောလို့မရ။ ယ္ခုကတည်းက မျှတအောင်အမြှော်အမြင်ရှိရှိပြုပြင်ပြောင်းလဲနိုင်ဖို့လိုပေသည်။  ထိုသို့မဟုတ်ဘဲ ငါတို့ဘဲအမြဲအစိုးရဖြစ်ရမယ်၊ အတိုက်အခံဟာ အမြဲအတိုက်အခံ နေရာကနေမတက်စေရဘူးဆိုသည့်ညဉ်ဆိုးကို ဆက်လက်ထားရှိနေမည်ဆိုလျှင် မြန်မာပြည်သားတို့စစ်ကျွန်၊ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး ကျွန်သဘောက်ဘဝမှ တက်နိုင်လိမ့်မည်မဟုတ်ချေ။ ပြည်တွင်းစစ်မီးသည်လည်း ဆက်လက်တောက်လောင်နေမည်သာဖြစ်သည်။
တိုင်းရင်းသားများအရေးနှင့်ပတ်သက်၍ပြောရမည်ဆိုလျှင် သမ္မတကြီးမှ ကချင်ပြည်နယ်တွင် တိုက်နေမှုကိုရပ်ဆိုင်းရန်အမိန့်ပေးသော်လည်း ပထမတွင် ရှေ့တန်းသို့သတင်းမရောက်သေးလို့ပါဟုဆင်ခြေပေးခဲ့ပြီး သမ္မတအမိန့်ကိုဖီဆန်ပြီးဆက်လက်တိုက်နေသည်မှာ တနှစ်ကျော်လာသည့် ယနေ့ အထိပင်ဖြစ်သည်။ ထို့ကြောင့်အမှန်တကယ်အာဏာသည် အခြေခံဥပဒေအရ သမ္မတတွင်တကယ်ရှိမှရှိရဲ့လား ရုပ်သေးသမ္မတ (သို့မဟုတ်) စစ်တပ်ကိုမလွန်ဆန်နိုင်သော အကန့်အသတ်သာလုပ်ပိုင်ခွင့်ရှိသော သမ္မတလားဟုထင်စရာဖြစ်လာခဲ့ပေသည်။
နောက်တချက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို ဦးအောင်မင်းနှင့်အပြီုင်လုပ်နေသော ဦးအောင်သောင်းသည် တင်းမာသူတဦးဖြစ်သူဟု ကြော်ကြားပါသည်။ သို့ရာတွင် ဦးအောင်သောင်းဆွေးနွေးပွဲတွင်ပါဝင်မလာတော့ဘဲ ဦးအောင်မင်းတဦးတည်း လုပ်ပိုင်ခွင့်ရလာခဲ့ပါသည်။ တခုသတိ ပြုမိသည်မှာ ငြိမ်းချမ်းရေးရလာသည့် (SSA) နှင့် (KNPP) တို့နှင့် ယခုရက် အတွင်းတိုက်ပွဲများပြန်လည်ဖြစ်လာသည်မှာ ဦးအောင်မင်းကြိုးစားမှုကို စစ်တပ်မှ လက်မခံကြောင်းအချက်ပြခြင်းလားဟုထင်စရာရှိသည်။ ထိုအချက်များကြောင့်စစ်တပ်သည်သမ္မတအမိန့်ကိုမနာခံဘဲ ဗိုလ်ချုပ်မင်းအောင်လှိုင် က သူ့သဘောသူဆောင်နေသည်ဟု မှတ်ချက်ပေးရမလိုအခြေအနေကဖြစ်နေသည်။
နိဂုံးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည်မြေခွေးတွင်းထဲသို့ဝင်ရောက်သွားပြီဖြစ်သည်၊ ဒေါ်စုနှင့်ဒီမိုကရေစီအင်အားစုများက စစ်မှန်သောဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ပေါက်လာစေရန် ရည်သန်၍အများအကျိုးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်ညီသောဥပဒေသများကို လွှတ်တော်သို့ တင်သွင်းသည့်အခါ မြေခွေးနှင့်ဝံပုလွေများက ဝိုင်းကိုက်ကြမည်လား၊ လက်ခံမည်လားစောင်ကြည့်ရပေမည်။ သားစားကြူးသော သားရဲတွင်းသို့ ဒေါ်စုရဲရင့်စွာ ဝင်ရောက်သွားပြီ၊စောင့်ကြည့်အားပေးရမည်ကကျွနုပ်တို့တတွေ။
အမိမြန်မာနိုင်ငံတော်ကြီးစစ်ကျွန်ဘဝဆိုးမှ အမြန်ဆုံးလွတ်မြောက်၍ မြန်မာလူမျိုးများကမ္ဘာတွင်
မော်ကြွားနိုင်သောလူမျိုးများဘဝသို့ ရောက်ရှိရေးကို ရည်မှန်းလျက်
ထွန်းအောင်ကျော် ( ခေတ္တ အီသီကာမြို့၊ အမေရိကန်နိုင်ငံ)
ဂျူလိုင် ၂ ရက်၊ ၂၀၁၂၊  ညနေ၇နာရီ ၃၈မိနစ်
သားသမီးချင်း ကိုယ်ချင်းစာပါ
သားသမီးချင်း ကိုယ်ချင်းစာပါ
(ဆဲဗင်းဗူလိုင်နှစ်၅၀ပြည့်နေ့သို့)
ဆဲဗင်းဇူလိုင် မမေ့နိုင်မို့
အပြိုင်ဆင်နွှဲ ဆွမ်းကျွေးပွဲတွေ…
ဝမ်းနည်းကြေကွဲ အမှတ်တရပွဲတွေ…
အမြဲလိုလို ကျင်းပသည်ကို
အူတိုမျိုးက ဆင်းသက်လာကြတဲ့
အစိုးရက တားမြစ်ကြပြန်သတဲ့…။
အနာပေါ်တုတ်ကျ နာတတ်လှတဲ့
သဘာဝမို့…တားကြမြစ်ကြ
အရေးယူကြနဲ့ သွေးတွေဆူကြွ
ဖေးကူမ,မဘဲ ဘေးလူတွေမမြင်ရအောင်
အမှောင်ချ လိုက်တဲ့သဘောပါ…။
မိမိကျူးလွန်းခဲ့တဲ့ သမိုင်းအမှားကို
အတိုင်းသားမမြင်ရအောင်
အရိုင်းသမားတွေက ဖယ်ရှားနေခြင်းမျှသာ…။
အိတ်ထဲမှာကလောင်တို
လက်နက်ဆို နတ္ထိ
အပ်တိုတချောင်းပင်မရှိတဲ့
ကျောင်းသားပြည်သူ
ရှင်လူရဟန်းများအား
ဓါးဓါးချင်း လှံလှံချင်း
စစ်ခင်းမယ် အပြိုင်နော်
စိန်ခေါ်တဲ့ မိစ္ဆာခေါင်း(နေ၀င်း)
အလောင်းမလှ
ပြောင်းကြွ သွားခဲ့ရပါလေပြီ…။
သွေးကွက်သွေးအိုင် ပွက်ပွက်လှိုင်ခဲ့တဲ့
ခုနစ်ရက်ဇူလိုင်ကို
ဆယ်သက်တိုင်တိုင် မေ့နိုင်မည်မဟုတ်ပါ…။
အာဏာရူး စစ်ဘီလူးတွေ
အထူးကျဆုံးစေရမည်…။
တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၄ ၂၀၁၂)
အာဏာရှင်များကို တုန်လှုပ်ခြောက်ခြားစေတဲ့ ဇူလိုင် (၇) လျှို့ ဝှက်မျက်နှာဖုံးဒီဇိုင်း။